စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက် မနက် ၁၀ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ တိုက်ခိုက်ခံရတာကြောင့် ၃ ယောက်ထက်မနည်း သေဆုံးတယ်လို့ ကလေးမြို့ခံတွေဆီကနေ သိရပါတယ်။
ကလေးမြို့ခံတယောက်က “သာယာဝတီရွာနားမှာ စပါးခွံ ကျုံးသွားတဲ့ စစ်သားတွေ အပစ်ခံလိုက်လို့ ၃ ဦးသေတယ်” လို့ ပြောပါတယ်။
ကလေးနည်းပညာတက္ကသိုလ် (GTC) မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ကလေးမြို့အနီး သာယာဝတီကျေးရွာထိပ်မှာရှိတဲ့ ဆန်စက်တွေကနေ စပါးခွံကျုံးသွားဖို့ ထွက်လာချိန် ကြားဖြတ်ပစ်ခတ်ခဲ့တာလို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာ၀န်ခံက ပြောပါတယ်။
“သူတို့တွေက အဲဒီနား ဆန်စက်တွေဆီကနေ ခဏခဏ စပါးခွံလာလာကျုံးနေကြလေ။ အစကတော့ သူတို့လာရင် ဆွဲဖို့ မိုင်းကြိုထောင်ဖို့ သွားကြတာ။ ကိုယ့်ဘက်က အရင်လက်ဦးမှုရလို့ ပစ်လိုက်တာလို့ သိရတယ်။ ကျနော်တို့အဖွဲ့က မဟုတ်ဘူး၊ တခြားအဖွဲ့ကလုပ်တာပါ။ လုပ်တဲ့အဖွဲ့ကလည်း သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။”
အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ယောက် နေရာမှာတင်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိသွားကာ သေဆုံးတဲ့ စစ်သားအလောင်းတွေကို ကားလမ်းဘေးမှာ ထားခဲ့ကြတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီး ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ထဲကနေလည်း စစ်သားအင်အား ၂၀ ကျော်ပါတဲ့ စစ်ကား ၂ စီးနဲ့ ဒရုန်းတွေတင်လာတဲ့ စစ်ကား ၁ စီးတို့ဟာ ကလေး GTC ကျောင်းဝင်းထဲ ဝင်ရောက်သွားကာ အင်အားတိုးမြှင့်ခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ နေရာနဲ့ အနီး၀န်းကျင်တွေကို ဒရုန်းတွေနဲ့ ကင်းထောက်နေတယ်လို့ ကလေးမြို့ခံတွေဆီကနေ သိရပါတယ်။