Home
မြန်မာသတင်း
ပုလဲမြို့နယ်တွင် ရဲတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
DVB
·
October 28, 2024
Photo-ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ အောက်တိုဘာ ၂၆ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်တယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

ကန့်ဒေါင့်နယ်မြေရဲစခန်းမှာ တာဝန်ကျနေတဲ့  ရဲတပ်ကြပ်ဟာ  G3 သေနတ်တလက်၊ G3 ကျည်အနည်းငယ်၊ လက်ပစ်ဗုံး တလုံးတို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူ့ကို ကျနော်တို့ မြို့နယ် ပအဖနဲ့ ပကဖတွေက ဆုကြေးငွေ ကျပ်သိန်း ၈၀ အပြင် မြို့နယ် လူသားချင်းစာနာမှုအဖွဲ့ တခုကလည်း ငွေကျပ်တသိန်းနဲ့ အဝတ်အစားတွေ ထောက်ပံ့ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသူတွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးမှာ ပါဝင်ခြင်းအားဖြင့် နီးစပ်ရာ ပအဖ၊ ပကဖ တွေနဲ့ အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ရောက်ကြဖို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းပါတယ်။

အလင်းဝင်လာသူ မည်သူ့ကိုမဆို လူ့ဂုဏ်သိက္ခာ လူ့အခွင့်အရေးတွေနဲ့အညီ ဆောင်ရွက်ပေးထားပြီး မိသားစုအတွက် ဘဝရှေ့ရေးအတွက်ကိုလည်း အလုပ်အကိုင် ရရှိရေးတွေပါ စီစဉ်ဆောင်ရွက်ပေးထားတယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီ ၁၁ ရက်ကလည်း ချင်းပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် MA1 သေနတ် တလက်၊ MA3 သေနတ် တလက်၊ လက်ပစ်ဗုံး ၆ လုံး၊ ကျည်ဘောက် ၆ ခု၊ အီနာဂါ ၄ လုံး၊ ၅ ဒသမ ၅၆ ကျည်ဆန် ၄၉၀ တို့နဲ့အတူ ပုလဲမြို့နယ် ပအဖနဲ့ ပကဖတွေဆီကို ချိတ်ဆက်ပြီး အလင်းဝင်ရောက်ပါတယ်။

အလင်းဝင်လာသူတွေအတွက်လည်း ဆုကြေးငွေ တယောက်ကို ကျပ်သိန်း ၇၀ နှုန်းနဲ့ စုစုပေါင်း သိန်း ၂၁၀ ချီးမြှင့်ပေးခဲ့ပြီးဖြစ်တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013