အီရန်နိုင်ငံမြို့တော် တီဟီရန်နဲ့ အနီးနားရှိ အခြေစိုက်စခန်းတွေကို အစ္စရေးက ပြန်လည်တိုက်ခိုက်ပြီး နာရီပိုင်း အကြာမှာပဲ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ်ဟာဂါရီက အီရန်အပေါ် လက်တုံ့ပြန်တိုက်ခိုက်မှု ပြီးဆုံးသွားပြီး ရည်မှန်းချက်တွေလည်း အောင်မြင်ခဲ့ပြီလို့ အောက်တိုဘာ ၂၆ ရက်မှာ ပြောပါတယ်။
အီရန်အစိုးရက အစ္စရေးကို အဆက်မပြတ် တိုက်ခိုက်မှုလုပ်ဆောင်နေခဲ့တာကို တုံ့ပြန်မှုအဖြစ် အီရန်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကိုသာ ပစ်မှတ်ထားကာ တိကျတဲ့ တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ အစ္စရေးနိုင်ငံအတွက် ချက်ချင်းလက်ငင်း ခြိမ်းခြောက်မှုတွေကို ဟန့်တားခဲ့တာဖြစ်တယ်လို့ ဟာဂါရီက ပြောပါတယ်။
အီရန်အစိုးရအနေနဲ့ တင်းမာမှုအသစ်တစ်ခု စတင်ဖို့ အမှားလုပ်ခဲ့မယ်ဆိုရင် တုံ့ပြန်ဖို့ အစ္စရေးမှာ တာဝန်ရှိပါတယ်လို့လည်း ဆိုလိုက်ပါတယ်။
အစ္စရေးက ဂါဇာနဲ့ လက်ဘနွန်စစ်ပွဲတွေရဲ့ ပစ်မှတ်တွေကို အာရုံစိုက်နေတာဖြစ်ပြီးတော့ အီရန်ဟာ ဒေသတွင်း တင်းမာမှုတွေ ပိုကျယ်ပြန့်လာအောင် တွန်းအားပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။
ဒါကြောင့် အစ္စရေးနိုင်ငံကို ခြိမ်းခြောက်ပြီး ပိုကျယ်ပြန့်တဲ့ တင်းမာမှုတွေကို ဒေသတွင်းကို ဆွဲသွင်းချင်ရင် တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
အစ္စရေးမှာ ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်တဲ့ စွမ်းရည်နဲ့ သန္နိဋ္ဌာန်နှစ်ခုစလုံး ရှိကြောင်းကို ဒီနေ့မှာ သရုပ်ပြခဲ့ပြီး အစ္စရေးနိုင်ငံနဲ့ အစ္စရေးပြည်သူတွေကို ခုခံကာကွယ်ဖို့ ထိုးစစ်နဲ့ခံစစ်တို့ကို ပြင်ဆင်ထားပါတယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း အစ္စရေးကို တိုက်ခိုက်ရာမှာ အီရန် အသုံးပြုတဲ့ ဒုံးကျည်ထုတ်လုပ်ရေး စက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်းလည်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဟာဂါရီက ပြောပါတယ်။
ပစ်မှတ်တွေကိုလည်း နိုင်ငံရေးနယ်ပယ်အသီးသီးရဲ့ လမ်းညွှန်မှုအောက်ကပဲ သွားတာဖြစ်ပြီး ပစ်မှတ်တွေမှာ စွမ်းအင်အခြေခံအဆောက်အအုံနဲ့ နျူကလီးယားစက်ရုံတွေ မပါဝင်ခဲ့ကြောင်း အစ္စရေးအရာရှိတယောက်ကို ကိုးကားပြီး NBC သတင်းဌာနနဲ့ ABC သတင်းဌာနတို့မှ ဖော်ပြခဲ့ပါတယ်။
စနေနေ့အစောပိုင်းက အီရန်နိုင်ငံရှိ စစ်စခန်းတွေကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီး အခုလအတွင်း တီဟီရန်ရဲ့ တိုက်ခိုက်မှုကို အစ္စရေးက လက်တုံ့ပြန်တာဖြစ်ပြီးတော့ အင်အားကြီး လက်နက်ကိုင် ပြိုင်ဖက်တွေ အကြားက ပြင်းထန်တဲ့ ပဋိပက္ခတွေမှာ နောက်ဆုံးတိုက်ခိုက်မှုလို့ ဆိုပါတယ်။
အီရန်ဟာ အောက်တိုဘာ ၁ ရက်က ပဲ့ထိန်းဒုံးကျည် ၂၀၀ လောက် ပစ်လွှတ်ခဲ့တဲ့အတွက် အနောက်ဘက်ကမ်းမှာ လူတယောက် သေဆုံးခဲ့တာကြောင့် အရှေ့အလယ်ပိုင်းမှာ အစ္စရေးရဲ့ လက်တုံ့ပြန်မှုကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။
Source-Reuters