ဒီလအစောပိုင်းက တိုက်ခိုက်ခံရမှုကို လက်စားချေတဲ့အနေနဲ့ အီရန်ကို အောက်တိုဘာ ၂၆ ရက် အစောပိုင်းမှာ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့ပါတယ်။
အီရန်မီဒီယာကလည်း မြိုတော်တီဟီရန်နဲ့ စစ်အခြေစိုက်စခန်းအနီးမှာ ပေါက်ကွဲမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပေမဲ့ ပျက်စီးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုကို တော့ ကြေညာခြင်း မရှိသေးပါဘူး။
အာရုံမတက်မီ အီရန်ကို တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း အစ္စရေးရုပ်သံတွေက ဖော်ပြပါတယ်။
အောက်တိုဘာ ၁ ရက်က အီရန်ဟာ အစ္စရေးကို ဘာလစ်စတစ်မစ်ဇိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဒုံးကြည် ၂၀၀ ခန့် ပစ်လွှတ်ခဲ့မှုမှာ ဝက်စ်ဘန့်ရှိ လူ ၁ ဦး သေဆုံးခဲ့ဖူးပါတယ်။
၂၀၂၃ အောက်တိုဘာ ၇ ရက်ကတည်း အီရန်ထောက်ပံ့ပေးထားတဲ့ ဂါဇာအခြေစိုက် ဟားမတ်စ် တွေကို အစ္စရေးက တိုက်ခိုက်ခဲ့ချိန်ကစပြီး အီရန်နဲ့ ဆက်ဆံရေး တင်းမာမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက လက်ဘနွန်ကို အစ္စရေးထိုးစစ်စတင်ခဲ့ချိန်မှာတော့ ဒေသတွင်း စစ်ပွဲအရှိန် မြင့်တက် လာတာပါ။
“အစ္စရေးကို တိုက်ခိုက်ခဲ့မှုအတွက် ပြန်လည်တုံ့ပြန်တာဖြစ်ပြီး လက်ရှိအချိန်မှာ အီရန်ကို စစ်ရေးအရ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ စတင်ပါပြီ” လို့ အစ္စရေးစစ်တပ်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အစ္စရေးဟာ အီရန်ကို ပစ်မှတ်ထားတဲ့နေရာတွေကို လေကြောင်းက တိုက်ခိုက်ခဲ့အပြီး အန္တရာယ်ကင်းစွာ ပြန်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
အစ္စရေးက အီရန်ရဲ့ စစ်တပ်အခြေစိုက်နေရာတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး စွမ်းအင် အဆောက်အအုံတွေ ဒါမှမဟုတ် နျူကလီးယားစက်ရုံတွေတော့ ပစ်မှတ်ထဲမှာ မပါဝင်ခဲ့ဘူးလို့ လည်း ထည့်သွင်းပြောဆိုထားပါတယ်။
Source-Reuters