အစ္စရေး အမျိုးသားလုံခြုံရေးကောင်စီဟာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်တဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၃ ရက်မှာ သူ့နိုင်ငံသားတွေကို သီရိလင်္ကာတောင်ပိုင်းရှိ ခရီးသွားနေရာ တချို့ကနေ ချက်ချင်းထွက်ခွာကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
သတိပေးချက်ဟာ အာရူဂမ် ပင်လယ်အော်ဧရိယာနဲ့ သီရိလင်္ကာရဲ့ တောင်ဘက်နဲ့ အနောက်ဘက်ရှိ ကမ်းခြေတွေနဲ့ ဆက်စပ်နေတယ်လို့ အေဂျင်စီက ပြောကြားပြီး ခရီးသွားနေရာတွေနဲ့ ကမ်းခြေတွေပေါ်မှာ အာရုံစိုက်နေတဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုဆိုင်ရာ လက်ရှိသတင်းအချက်အလက်ကနေ ထွက်ပေါ်လာခဲ့ကြောင်းလည်း ဆိုပါတယ်။
လုံခြုံရေးကောင်စီဟာ ခြိမ်းခြောက်မှုရဲ့ သဘောသဘာဝကို အတိအကျ မသတ်မှတ်ထားဘဲ သီရိလင်္ကာနိုင်ငံမှာ ကျန်ရှိနေသေးတဲ့ အစ္စရေးလူမျိုးတွေကို သတိထားကြဖို့နဲ့ အများသူငါ နေရာတွေမှာ များများစားစား စုဝေးခြင်း ရှောင်ကြဉ်ကြဖို့ တောင်းဆိုထားပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေဟာ အဲဒီနယ်မြေ ဧရိယာမှာ လုံခြုံရေး တင်းကျပ်ထားပြီး တာဝန်ရှိသူတွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ယာယီရဲမှူး ပရီယန်သာ ဝီရာဆူရိယက “ခရီးသွားအုပ်စုတချို့ကို ရည်ရွယ်ပြီး တိုက်ခိုက်မှုတွေရှိမယ်လို့ အောက်တိုဘာ ၇ ရက်မှာ ထောက်လှမ်းရေးက လက်ခံရရှိထားပါတယ်” လို့ ပြောပါတယ်။
ခရီးသွားဧည့်သည်တွေရဲ့ လုံခြုံရေးကို သေချာဆောင်ရွက်ပေးနေပြီး သူတို့ကလည်း လုံခြုံရေး ယူပေးနေတာအတွက် ကျေနပ်ကြကြောင်းလည်း ဆိုပါတယ်။
သီရိလင်္ကာရှိ အမေရိကန်သံရုံးကလည်း “အာရူဂမ် ပင်လယ်အော် ဧရိယာရှိ နာမည်ကြီး ခရီးသွားနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ် ဆိုတဲ့အတွက် ယုံကြည်ရလောက်တဲ့ သတင်းအချက်အလက်ကို ရရှိထားကြောင်း” လုံခြုံရေး သတိပေးချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ခရီးသွားနေရာတွေမှာ တိုက်ခိုက်မှုဖြစ်နိုင်တဲ့ လက္ခဏာတွေကို ကိုးကားပြီး ခရီးသွားတွေအနေနဲ့ အဲဒီဧရိယာကို ရှောင်ရှားကြဖို့ ဒါမှမဟုတ် တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။
အခုနှစ်ရဲ့ ပထမ ၈ လအတွင်းမှာ အစ္စရေးက စုစုပေါင်း ခရီးသွား ၂၀,၅၁၅ ယောက် အပါအဝင် သီရိလင်္ကာကို ခရီးသွား ၁ ဒသမ ၅ သန်း ရောက်ရှိလာခဲ့ကြောင်း အစိုးရ အချက်အလက်တွေအရ သိရပါတယ်။
Source-Reuters