လက်ဘနွန်နိုင်ငံတောင်ပိုင်း ဟက်စ်ဘာယာမြို့မှာ အောက်တိုဘာ ၂၅ ရက် မနက်အစောပိုင်းက အစ္စရေးတိုက်ခိုက်မှုကြောင့် မီဒီယာတွေ အသုံးပြုတဲ့ တည်းခိုခန်းမှာ အိပ်နေကြတဲ့ အနည်းဆုံး သတင်းထောက် ၃ ယောက် သေဆုံးသွားပြီး တခြားသူ အတော်များများ ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဒေသတွင်း မီဒီယာတွေက ထုတ်ပြန်ပါတယ်။
အခင်းဖြစ်ပွားရာနေရာရှိ သတင်းထောက်တွေက အမျိုးသားတွေ အိပ်နေကြတဲ့ ဘန်ဂလိုကို တမင်ရည်ရွယ်ပြီး တိုက်ရိုက်ပစ်မှတ်ထားတာလို့ ပြောကြပါတယ်။
သေဆုံးသွားသူတွေဟာ အီရန်လိုလားတဲ့ သတင်းဌာန အလ်-မာယာဒီးန်ရဲ့ ကင်မရာအော်ပရေတာ ဂါးစ်ဆန် နက်ဂျားနဲ့ အင်ဂျင်နီယာ မိုဟာမဒ် ရဒ်ဒါ ၊ ဟစ်ဇ်ဘိုလာအဖွဲ့ပိုင် အလ်-မာနာ ဂြိုလ်တု ရုပ်မြင်သံကြားဌာနမှ ကင်မရာအော်ပရေတာ ဝစ်ဆန် ကက်ဆမ် တို့ဖြစ်ကြောင်း သတင်းဌာနတွေက သီးခြားထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပါတယ်။
ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးရှိ အလ်-မာယာဒီးန် သတင်းဌာနမှ အသုံးပြုတဲ့ ရုံးခန်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုအပြီး ၂၄ နာရီအကြာမှာ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။
မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း လက်ဘနွန်ရဲ့ဆင်ခြေဖုံးတွေကို တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့် သောကြာနေ့ မနက် ၃ နာရီ မှာ တိုက်ခိုက်ခံရမှုဟာ မြို့ပေါ်မှာ ပထမဆုံး ကြုံရတာဖြစ်ပါတယ်။
ယေဘုယျအားဖြင့် သတင်းသမားတွေကို တမင်တကာ တိုက်ခိုက်တယ် ဆိုခြင်းကို ငြင်းဆိုလေ့ရှိတဲ့ အစ္စရေးဘက်မှ ချက်ချင်း မှတ်ချက်ပေးခြင်းမျိုး မရှိပါဘူး။
တိုက်ခိုက်မှုတွေကြောင့် အစ္စရေးစစ်တပ်နဲ့ လက်ဘနွန် ဟစ်ဇ်ဘိုလာ ပြည်သူ့စစ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း မီဒီယာတွေအတွက် အသေအပျောက်အများဆုံးနေ့ ဖြစ်လာခဲ့ပါတယ်။
အရင်ကလည်း လက်ဘနွန်မှာ ပဋိပက္ခအတွင်း အစ္စရေးတိုက်ခိုက်မှုတွေကြောင့် ရိုက်တာသတင်းထောက် အစ်ဆမ် အဗ္ဗဒလ္လာ အပါအဝင် သတင်းထောက် ၅ ယောက် သေဆုံးခဲ့ပါသေးတယ်။
Source-Reuters