Home
မြန်မာသတင်း
KIA ထိန်းသိမ်းထားသည့် သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးရန် တောင်းဆို
DVB
·
October 24, 2024
ကိုနောင်ရိုး နှင့် ကိုတာလင်းမောင်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းသိမ်းထားတဲ့ သတင်းထောက် ၂ ယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံတကာနဲ့ မြန်မာသတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

ကချင်ပြည်နယ်တွင်း သတင်းရယူနေတဲ့ Red News Agency က သတင်းထောက် ကိုတာလင်းမောင်နဲ့ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို KIA က စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ ခေါ်ယူထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

မိသားစုနဲ့ရော မိခင်သတင်းတိုက်နဲ့ပါ တလနီးပါး အဆက်အသွယ် ပြတ်တောက်နေတာဖြစ်လို့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) နဲ့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) တို့က တောင်းဆိုနေကြတာပါ။

ကိုတာလင်းမောင်၊ ကိုနောင်ရိုးတို့ နှစ်ယောက်နဲ့ တလနီးပါး အဆက်အသွယ် ပြတ်တောက်နေပြီး အောက်တိုဘာ ၂၄ ရက်မှာ ဖေ့စ်ဘွတ်ခ်အကောင့်တွေက အသုံးပြုနေတာကို သိရှိရကြောင်း၊ သတင်းထောက်တွေရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို စိုးရိမ်တယ်လို့ Red News Agency ရဲ့ အယ်ဒီတာ ကိုဝင်းဇော်နိုင်က DVB ကို ပြောပါတယ်။

“ကျနော်တို့ စိုးရိမ်ပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ နယ်မြေတွေကြားထဲမှာ နေနေရတဲ့  သတင်းထောက်တွေ အနေနဲ့က လက်နက်ကိုင်တွေဖြစ်တဲ့အတွက်  သူတို့နဲ့လည်း အဆင်ပြေအောင် ပေါင်းနေရတယ်။ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ လက်အောက်မှာတော့ သတင်းလွတ်လပ်ခွင့်ဆိုတာ ဘာမှမရှိတော့ဘူး၊ လုံးဝ လူ့အခွင့်အရေးက ဆိတ်သုဉ်းသွားပြီပေါ့။ သတင်းသမားတွေက ဒါတွေကို ရုန်းကန်ဖို့အတွက် နယ်စပ်တွေမှာ တော်လှန်ရေးအင်အားစု နယ်မြေတွေမှာ ဝင်ပြီးတော့ သတင်းလွတ်လပ်ခွင့်နဲ့ ပြည်သူရဲ့ သတင်းသိပိုင်ခွင့်ကို ဖော်ထုတ်နေကြတာ ဖြစ်တယ်။ ဆိုတော့ ဒီစစ်အာဏာရှင်စနစ်ကို အလိုမရှိပါဘူးဆိုပြီး ဝိုင်းတိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးအင်အားစုတွေ အနေနဲ့လည်း လူ့အခွင့်အရေးနဲ့ သတင်းလွတ်လပ်ခွင့်ကို လေးစားလိုက်နာဖို့ ကျနော်ပြောချင်ပါတယ်။”

Red News Agency သတင်းထောက် ကိုတာလင်းမောင်ကို ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာ အနီးက နေအိမ်မှာပဲ လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး အထိန်းသိမ်းမခံရခင် KIA အဖွဲ့က လက်နက်တွေကိုင်ဆောင်ပြီး နေအိမ်ကို ရောက်ရှိနေကြောင်း သတင်းတိုက်ကို ဖုန်းနဲ့ ဆက်သွယ်ပြောခဲ့တယ်လို့ ကိုဝင်းဇော်နိုင်က ပြောပြချက်အရ သိရပါတယ်။

ပြည်တွင်းမှာ သတင်းရယူနေတဲ့ သတင်းထောက်တွေရဲ့ သတင်းရယူပိုင်ခွင့်ကလည်း  ဒီမိုကရေစီ စံချိန်စံနှုန်းဖြစ်လို့ ထိန်းသိမ်းခံသတင်းသမား ၂ ယောက်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကိုလည်း  KIA ကို အိတ်ဖွင့်ပေးစာ ပေးပို့ထားတဲ့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး ဥက္ကဋ္ဌ ကိုကျော်ကျော်မင်းက ပြောပါတယ်။

“KIA က ကိုယ်ပိုင်ပြဋ္ဌာန်းချက်တွေနဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေနဲ့ တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းလို့ ကျနော်တို့ သိထားပါတယ်။ သမိုင်းကြောင်းအရ၊ ဒီလို ဒီမိုကရေစီကို တန်ဖိုးထားတဲ့ အဖွဲ့အစည်းအနေနဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ပြည်သူလူထုရဲ့ သတင်းရပိုင်ခွင့်ကို လေးစားမယ်လို့ ယူဆလို့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာ ပေးပို့တာပါ။ အခုထိတော့ ကျနော်တို့ သတင်းထောက်တွေဟာ ဘယ်နယ်မြေမှာဖြစ်ဖြစ် မလုံခြုံဘူးဆိုတာ ကျနော်တို့ သိနေရတယ်။ ဆိုလိုတာက စစ်ကောင်စီ တခုတည်းတင် မဟုတ်ဘူး၊ ဘယ်လက်နက်ကိုင် အဖွဲ့အစည်း နယ်မြေမှာမှ ကျနော်တို့က နောက်ကျောလုံလုံနဲ့ သတင်းတင်ဆက်နေရတဲ့ အခြေအနေ ရှိမနေပါဘူး။”

ထိန်းသိမ်းထားတဲ့ သတင်းသမား ၂ ယောက်ရဲ့ အခြေအနေနဲ့ပတ်သက်လို့ KIA ဘက်ကို DVB က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းအဆက်အသွယ် မရရှိခဲ့ပါဘူး။

ဒေသတွင်း သတင်းဌာနတွေကို KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ ဖြေကြားချက်ထဲမှာတော့ KIA နယ်မြေထဲ ထိန်းသိမ်းထားတာ မှန်ကန်ကြောင်း အတည်ပြုထားပြီး ဖြစ်ပါတယ်။

ပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက သတင်းထောက်တွေကို ဖမ်းဆီးကာ နှစ်ရှည်ထောင်ချတာ၊ အကြမ်းဖက် သတ်ဖြတ်တာတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံက ကမ္ဘာမှာ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှု ဒုတိယအများဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

CPJ ရဲ့ အရှေ့တောင်အာရှ ကိုယ်စားလှယ်ကတော့ မြန်မာပြည်တွင်းစစ်မှာ ပါဝင်နေတဲ့ အဖွဲ့တိုင်းဟာ သတင်းထောက်တွေကို ကာကွယ်ပေးဖို့ တာဝန်ရှိပြီး ပစ်မှတ်ထားခွင့် မရှိဘူးလို့ ပြောဆိုထားပြီး KIA ဟာ သတင်းရေးသားမှုအတွက် သတင်းထောက်တွေကို ဖမ်းဆီးတဲ့ မြန်မာစစ်ကောင်စီလို မဖြစ်သင့်ကြောင်းနဲ့ ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးကို ချက်ချင်းလွှတ်ပေးသင့်တယ်လို့ ထုတ်ပြန် ပြောဆိုထားပါတယ်။

ကိုတာလင်းမောင်က CDM လုပ်ထားတဲ့ ပြန်ကြားရေးဝန်ထမ်း ဖြစ်တဲ့အပြင် ဖားကန့်သပိတ်ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ကိုနောင်ရိုးကတော့ ၂၀၂၁ ခုနှစ် မတ် ၉ ရက်က ဆန္ဒပြပွဲမှာ သတင်းဓာတ်ပုံရိုက်ကူးတာကြာင့် စစ်ကောင်စီရဲ့ တနှစ်နဲ့ ခုနစ်လလောက် ဖမ်းဆီးခံခဲ့ရပြီး လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ နှစ်ယောက်စလုံးဟာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့လည်း လက်တွဲပြီး ကူညီဆောင်ရွက်ပေးနေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013