Home
မြန်မာသတင်း
ဝိုင်းမော် နယ်ခြားစောင့်တပ် ၁၀၀၃ ကို KIA က ထပ်မံသိမ်းပိုက်
DVB
·
October 22, 2024

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲရှိ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အောက်တိုဘာ ၂၂ ရက်မှာ သိမ်းပိုက်ရရှိထားတယ်လို့ KIA နဲ့ နီးစပ်တဲ့ EEDY သတင်းကနေ သိရပါတယ်။

ကန်ပိုက်တီနဲ့ ဆဒုံကျေးရွာကြားက ရှိန်ကြိုင်​ကျေးရွာနားမှာ ရှိတဲ့  အမှတ် ၁၀၀၃ တပ်စခန်းဟာ ကန်ပိုက်တီမြို့စောင့်တပ်စခန်း ဖြစ်ပြီး KIA က အောက်တိုဘာ ၁၆ ရက်ကနေ စတင်တိုက်ခိုက်နေတာမှာ အောက်တိုဘာ ၂၁ ရက်မှာ သိမ်းပိုက်ရရှိတာပါ။

စခန်းသိမ်းပိုက်ရရှိတာနဲ့ ပတ်သက်ပြီး ပန်ဝါမြို့နေသူ တယောက်က “ကြားတာတော့ မနေ့ ညနေပိုင်း အကုန်သိမ်းပြီးပြီလို့ ကြားတယ်၊ ဒီညနေလောက်ဆိုရင် ကန်ပိုက်တီထဲ ဝင်နေလောက်ပြီ” လို့ ပြောပါတယ်။

အမှတ် ၁၀၀၂ စခန်းကိုလည်း KIA က အောက်တိုဘာ ၁၅ ရက်မှာ သိမ်းပိုက်ရရှိထားတာ ဖြစ်ပြီးတော့ ကချင်အထူးဒေသ(၁)က နယ်ခြားစောင့်တပ်ခန်းတွေအားလုံး သိမ်းပိုက်ရရှိနိုင်ဖို့ ဖီမော်ဒေသ အမှတ် ၁၀၀၁ တပ်စခန်း ကျန်ရှိနေတာဖြစ်ပါတယ်။

ဗန်းမော်ခရိုင်ထဲက KIA က သိမ်းပိုက်ရရှိထားတဲ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်းကိုလည်း စစ်တပ်က အောက်တိုဘာ ၂၁ ရက်က ပြန်လည်ထိုးစစ်ဆင်လာတယ်လို့ မိုးမောက်မြို့ကနေ တောတောင်တွေမှာ တိမ်းရှောင်နေတဲ့ ဒေသခံ တယောက်က ပြောပါတယ်။

စစ်တပ်က ဗန်းမော် ၅ မိုင်ကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတာဖြစ်ပြီး လေကြောင်း တိုက်ခိုက်တာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ဒေသခံတယောက်က “မနေ့က လေယာဉ်တွေ အရင်တက်သွားတယ်၊ လေကြောင်းကနေ ပြန်ပြီး တိုက်ခိုက်တာတွေ ကြားရတယ်၊ အဲဒီ ၇ မိုင် (အောင်မြေ)ရွာဘက်မှာပဲ မနေ့ကစပြီး အသံတွေ ပြန်ကြားရတယ်၊ စစ်တပ်က ၅ မိုင်ဘက်ကနေ ပြန်ပြီး တက်လာတာလို့ ပြောတယ်။” 

မိုးမောက်မြို့ ခမရ ၄၃၇ ပတ်ဝန်းကျင်ဘက်မှာလည်း သီတင်းကျွတ်ကာလမှာ စစ်တပ်က ထိုးစစ်ဆင်တာ မရှိတာကြောင့် တပတ်ဝန်းကျင် တိုက်ပွဲတွေ ရပ်နားခဲ့ပေမဲ့ အခု စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတယ်လို့ သိရပါတယ်။

ဗန်းမော်ခရိုင်ထဲမှာ ဗန်းမော်မြို့အပါအဝင် မံစီမြို့နားက ခမရ ၃၁၉ နဲ့ ၆၀၁ တပ်စခန်းတွေကို လည်း ကချင်လွတ်လပ်ရေးတပ်မတော်က ဝိုင်းဝန်းပိတ်ဆို့ထားပါတယ်။

စစ်တပ်က ဗန်းမော်မြို့ကနေတဆင့် မိုးမောက်မြို့ဘက်ကို ဩဂုတ် ၂၃ ရက်ကစလို့  ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး မိုးမောက် ခမရ ၄၃၇ တပ်ခန်းအနီး ၇ မိုင် အောင်မြေကျေးရွာ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013