Home
မြန်မာသတင်း
ချီဖွေက နယ်ခြားစောင့်တပ်ကို KIA သိမ်းပိုက်၊ စစ်ရှောင်များကို တရုတ်က အဝင်မခံ
DVB
·
October 19, 2024

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်ထဲက နယ်ခြားစောင့်တပ်စခန်းတခုကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းပိုက်လိုက်သလို တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပန်ဝါမြို့ကဒေသခံတွေ တရုတ်နယ်စပ်ဘက်ထွက်ပြေးကြပေမဲ့ တရုတ်ဘက်က အဝင်မခံဘဲ တားဆီးထားပါတယ်။

ချီဖွေမြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ကန်ပိုင်တီအနီးက စင်ကြိုင်ကျေးရွာမှာရှိတဲ့ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်စခန်းကို အောက်တိုဘာ ၁၈ မနက်ပိုင်းမှာ KIA က သိမ်းပိုက်ရရှိထားပြီလို့ ပန်ဝါဒေသမှာ KIA ကို ကူညီနေတဲ့ ဒေသခံတယောက်ဆီကနေ သိရပါတယ်။

“မနေ့က အဲဒီ ၁၀၀၃ ကာကင်းတွေကို သိမ်းထားပြီ။ ဒီနေ့တော့ အဲဒီတပ်ကို သိမ်းလိုက်နိုင်ပြီလို့ ကြားတယ်။ တိုက်ပွဲတွေလည်း ပြင်းထန်တယ်လို့ ကြားတယ်။ အသံတွေတော့ ကြားနေရတုန်းပဲ။ ရှင်းလင်းရေးတွေလည်း လုပ်နေတယ်လို့ ကြားတယ်” လို့ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့မနက်ပိုင်းမှာပဲ ပန်ဝါမြို့ပေါ်က နယ်ခြားစောင့်တပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကို KIA က ဝင်ရောက်တိုက်ခိုက်နေတယ်လို့သိရပြီး စစ်ကောင်စီဘက်ကလည်း ပန်ဝါမြို့ပတ်ဝန်းကျင်နဲ့ ဗျူဟာကုန်းကို လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ဒီနေ့ (အောက်တိုဘာ ၁၈)မနက်ပိုင်းကတည်းက လေယာဉ်နဲ့လာပစ်တာ ရှိတယ်။ ဗျူဟာကုန်းဘက်လည်း တိုက်နေကြတယ်။ မီးလောင်တာတွေကိုရှိတယ်။ ပန်ဝါမြို့ထဲမှာ ညနေပိုင်းအထိ ပစ်နေတုန်းပဲ” လို့ ပြောပါတယ်။

တိုက်ပွဲတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ တရုတ်-မြန်မာနယ်စပ်ဂိတ်ပေါက်နဲ့ ခြံစည်းရိုးပတ်ဝန်းကျင်မှာ သွားရောက်ခိုလှုံနေကြပေမဲ့ တရုတ်နိုင်ငံဘက်ကတော့ စစ်ဘေးရှောင်တွေကို ဝင်ခွင့်မပေးဘဲ ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပန်ဝါမြို့အဝင်မှာ ပစ်ခတ်သံတွေကြားရပြီးတဲ့နောက် နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေသလို နယ်စပ်မှာလည်း လေယာဉ်တွေပျံဝဲနေတယ်လို့ စစ်ရှောင်အမျိုးသားတယောက်က ပြောပါတယ်။

တိုက်ပွဲတွေက အောက်တိုဘာ ၁၇ ရက်နေ့ ညပိုင်းကတည်းက ပန်ဝါမြို့နဲ့ နီးကပ်လာတာကြောင့် ဒေသခံတွေဟာ တရုတ်နယ်စပ်ဂိတ်မှာ ညပိုင်းကတည်းက တိမ်းရှောင်နေကြရပြီး တရုတ်နိုင်ငံဘက်ကလည်း လုံခြုံရေး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလာတဲ့ စစ်ရှောင်တွေထဲမှာ ဒေသခံတွေအပြင် မြေရှားသတ္တုလုပ်ငန်းတွေမှာ လာရောက်လုပ်ကိုင်နေတဲ့ တခြားဒေသက လူတွေနဲ့ ချီဖွေမြို့က စစ်ရှောင်ပြည်သူတွေလည်းပါဝင်ပြီး အကုန်လုံးကို တရုတ်နိုင်ငံဘက်ကပေးမဝင်ဘဲ မြေရှားသတ္တုလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကိုပဲ တရုတ်ရဲတွေက ပြန်လည်ဝင်ရောက်ခွင့်ပြုတယ်လို့ နယ်စပ်ဂိတ်နားမှာ ရောက်ရှိနေတဲ့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

လက်ရှိ တရုတ်နိုင်ငံနယ်စပ်ဂိတ်နဲ့ မီတာ ၅၀ အကွာမှာ တရုတ်အာဏာပိုင်တွေက ကြိုးတန်းထားပြီး လုံခြုံရေးကို တင်းကြပ်ထားတယ်လို့လည်း ဆိုပါတယ်။

အခုရက်ပိုင်း  စစ်ကောင်စီလက်အောက်ခံ ကချင်အထူးဒေသ ၁ BGF နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က ပန်ဝါမြို့နဲ့ ၁၁ မိုင်ဝန်းကျင်ဝေးတဲ့ လုပိကျေးရွာ(လုပ်ပိ) မှာရှိတဲ့ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့လို့ BGF တပ်ဖွဲ့ဝင်၁၄ ယောက် သေဆုံးခဲ့ပြီး သုံ့ပန်း ၁၅ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ နီးစပ်သူတွေဆီကတဆင့် DVB က စုံစမ်းသိရှိရပါတယ်။

လက်ရှိမှာတော့ KIA ပူးပေါင်းတပ်တွေက ချီဖွေမြို့ကို စက်တင်ဘာ ၃၀ ရက်နေ့နဲ့ ဆော့လော်မြို့ကို အောက်တိုဘာ ၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ပန်ဝါမြို့အနီးက အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်စခန်းကိုလည်း အောက်တိုဘာ ၁၄ ရက်နေ့က သိမ်းပိုက်ရရှိထားတာဖြစ်ပြီးတော့ ဖီမော်ဘက်က အမှတ် ၁၀၀၁ တပ်စခန်းကတော့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

ကချင်အထူးဒေသ ၁ ကို အမှတ် နယ်ခြားစောင့်တပ်ရင်း ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တို့နဲ့ ဖီမော်၊ ပန်ဝါနဲ့ ကန်ပိုင်တီးဒေသမှာ အခြေစိုက် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024