Home
မြန်မာသတင်း
မြန်မာ အပါအဝင် လူ ၂ ဦးကို သေနတ်၊ လက်ပစ်ဗုံးများနှင့်အတူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဖမ်းဆီး
DVB
·
October 21, 2024
Photo - ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (၂၀၁၅ ခုနှစ်)

မြန်မာနိုင်ငံသားတဦးအပါအဝင် လူ ၂ ဦးကို သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးခဲ့တဲ့အကြောင်း BSS သတင်းမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အမှတ် ၂ တက္ကနတ်ဖ်တပ်ရင်း ကွပ်ကဲရေးမှူး ဒု ဗိုလ်မှူးကြီး မိုဟီရူဒင် အာမက်ဒ်က ဂျာလီရာပါရာဒေသက အသက် ၅၅ နှစ်အရွယ် ရှဖီးလ် အလမ်ကို ရိုင်ဖယ်သေနတ် ကျည်တောင့် ၂၄၀၊ ရော့ကက်ဗုံး ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံးနဲ့ သံလိုက်အိမ်မြှောင် ၁ လုံးတို့ကို သီးခြားအိတ် ၂ လုံးစီနဲ့ အောက်တိုဘာ ၂၀ ရက် မနက်အစောပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။

သူ့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ အဆိုပါ လက်နက်ခဲယမ်းတွေကို လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းကမှ မြန်မာနိုင်ငံဘက်ကနေ ခိုးသွင်းလာခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် တက္ကနတ်ဖ်ရဲစခန်းကို လွှဲပြောင်းထားခဲ့ပြီဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် တရက်တည်းမှာပဲ ဂျင်ဂလာဘာရီနယ်စပ်ဒေသမှာ အသက် ၂၀ အရွယ် မြန်မာ နိုင်ငံသားတဦးကို BGB က ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

သူ့ရဲ့ နာမည်ကိုတော့ အနီးဆူး ရာမန်လို့ ဖော်ပြပြီး မြန်မာနိုင်ငံ၊ မောင်တောဒေသက ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ဝင်ရောက်လာခဲ့ပြီး ကော့ဇ်ဘဇား ဒုက္ခသည်စခန်းထဲမှာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက်တော့ သူဟာ အလုပ်ကောင်းတခုရဖို့အတွက် ဒုက္ခသည်စခန်းကနေ ထွက်ပြေးခဲ့တဲ့အကြောင်း စစ်ဆေးမေးမြန်းချိန်မှာ ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သူ့ကို ဂျန်တာပူရဲစခန်းကို ပို့ဆောင်ထားခဲ့တယ်လို့ BGB ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပတ်သက်တဲ့အကြောင်း တစုံတရာကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013