ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား ငါးဖမ်းသမား ၁၆ ယောက် ပါဝင်တဲ့ မော်တော်ဘုတ်တစီးကို အမည်မသိလက်နက်ကိုင် ပင်လယ်ဓားပြအဖွဲ့လက်ကနေ အာရက္ခကမ်းခြေစောင့်တပ်က ကယ်ထုတ်နိုင်ခဲ့တယ်လို့ အောက်တိုဘာ ၁၄ ရက်က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၇ ရက် မနက် ၆ နာရီခွဲလောက်မှာ မောင်တောမြို့၊ ကျောက်ပန္ဒူကမ်းခြေအနီးမှာ ပင်လယ်ဓားပြတွေဟာ အဲဒီမော်တော်ဘုတ်ကို ကမ်းတင်ထားချိန် အာရက္ခကမ်းခြေစောင့်တပ်က တွေ့ရှိခဲ့တာကြောင့် ရေလုပ်သား ငါးဖမ်းသမား ၁၆ ယောက်စလုံးကို ကယ်တင်နိုင်ခဲ့တာလို့ အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပင်လယ်ဓားပြတွေရဲ့ ရိုက်နှက်မှုကြောင့် ကမ်းတင်ဘုတ်မှာပါလာတဲ့ ဒဏ်ရာရရှိသူတွေကိုလည်း ဆေးကုသမှုပေးထားပြီး ကောင်းမွန်စွာ စောင့်ရှောက်ပေးထားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့ကို အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာပိုရီယာဆိပ်ကမ်းမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေဆီ ပြန်ပြီးတော့ အပ်နှံပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၈ ရက် မနက် ၉ နာရီလောက်မှာ စုစုပေါင်း ရေလုပ်သား ၁၆ ယောက်ပါတဲ့ မော်တော်ဘုတ်တစီးဟာ ဘင်္ဂလားပင်လယ်အော်အတွင်း ငါးရှာဖို့ ထွက်လာခဲ့ပြီး အမည်မသိ လက်နက်ကိုင်အဖွဲ့တခုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ယောက် ငါးဖမ်းထွက်လာရာကနေ မြန်မာ့ရေပိုင်နက်ကို ရောက်ရှိလာတဲ့အတွက် AA က ဖမ်းဆီးပြီး အောက်တိုဘာ ၉ ရက်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေဆီ ပြန်လည် အပ်နှံလိုက်ပါတယ်။
အောက်တိုဘာ ၉ ရက်နေ့က အသက် ၆၀ အရွယ် ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ငါးဖမ်းသမားတယောက်ကို မြန်မာရေတပ်က သတ်ဖြတ်ပစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာစစ်ကောင်စီကို ကန့်ကွက်ရှုတ်ချထားပါတယ်။
ကေခိုင်