Home
နိုင်ငံတကာ
ဂါဇာရှိ စာသင်ကျောင်းကို အစ္စရေး တိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် ၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရ
DVB
·
October 25, 2024
Photo-Reuters

ဂါဇာကမ်းမြောင်ရှိ နူဆေရတ်စခန်း စာသင်ကျောင်းကို အောက်တိုဘာ ၂၄ ရက်က အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ကလေးငယ်တွေ အပါအဝင် ပါလက်စတိုင်း အနည်းဆုံး ၁၆ ယောက် သေဆုံးခဲ့ပြီး ၃၂ ယောက် ဒဏ်ရာရခဲ့ကြောင်း နူဆေရတ် မြူနီစီပယ်ဧရိယာရှိ အယ်လ်-အောဒါ ဆေးရုံက ပြောပါတယ်။

မွေ့ယာတွေပေါ်နဲ့ အမျိုးသားတွေရဲ့ လက်ထဲမှာ ဒဏ်ရာရနေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို မြင်တွေ့ရပြီး သေဆုံးသူတွေကို စောင်တွေနဲ့ ပတ်ထားပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဂါဇာကမ်းမြောင်ရှိ နူဆေရတ် ဧရိယာမှာ စာသင်ကျောင်းအဖြစ် အသုံးပြုခဲ့တဲ့ ဝင်းခြံဟောင်းအတွင်း တပ်စွဲထားတဲ့ ဟားမတ်စ် ကွပ်ကဲရေးဌာနနဲ့ ထိန်းချုပ်ရေးစင်တာကို ကြာသပတေးနေ့က တိုက်ခိုက်ခဲ့ကြောင်း ပြောထားပါတယ်။

တိုက်ခိုက်မှု မလုပ်ခင်မှာ အရပ်သားတွေ ထိခိုက်မှုအန္တရာယ် လျော့ပါးစေမယ့် အဆင့်ပေါင်းများစွာကို လုပ်ဆောင်ခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့ပါတယ်။ မျက်မြင်သက်သေတယောက်ရဲ့ ပြောကြားချက်အရ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ အားလုံးမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်ကြောင်း သိရပါတယ်။

ပါလက်စတိုင်း မျက်မြင်သက်သေက  “ဘုရားသခင်ကို တိုင်တည်ပြောရရင် အမျိုးသား တယောက်မှမပါဘဲ အမျိုးသမီးတွေနဲ့ ကလေးတွေပဲဖြစ်ပြီး သူတို့အားလုံး ခြေတခြား၊ လက်တခြားနဲ့ ခန္ဓာကိုယ်တွေ အပိုင်းပိုင်း ပြတ်နေကြတာ။ ဒါဟာ ကလေးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပဲ” လို့  ပြောပါတယ်။

အစ္စရေးမြို့တွေမှာ ဟားမတ်စ်တွေ သောင်းကျန်းခဲ့ပြီး လူပေါင်း ၁,၂၀၀ ကို သတ်ဖြတ်ပြီးတော့ ဓားစာခံ ၂၅၀ ကျော် ဖမ်းဆီးခံခဲ့ရပြီးချိန် ၁ နှစ်တာကာလကတည်းက အစ္စရေးဟာ ဟားမတ်စ်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ ဂါဇာကို ထုခြေဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ စတင်ပြီး ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ ထိုးစစ်ဆင်မှုအတွင်း ပါလက်စတိုင်း ၄၂,၈၄၇ ယောက် သေဆုံးပြီး ၁၀၀,၅၄၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013