Home
နိုင်ငံတကာ
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့်  ဂါဇာဖွံ့ဖြိုးမှု နှစ် ၇၀ နီးပါး နောက်ပြန်ဆုတ်ခဲ့ရ 
DVB
·
October 25, 2024
Photo-Reuters

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနောက်ဆုံးဖြစ်ပွားမှုဟာ ဂါဇာကမ်းမြောင်၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်တို့ အပါအဝင် ပါလက်စတိုင်းနယ်မြေတွေရဲ့ စီးပွားရေးကို ထိခိုက်စေခဲ့ပြီး စစ်ဒဏ်ခံနေရတဲ့ ဂါဇာကမ်းမြောင်က ဖွံ့ဖြိုးတိုးတက်မှုတွေကို နှစ်ပေါင်း ၆၉ နှစ်တိုင်တိုင် နောက်ကြောင်းပြန် သွားစေခဲ့တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) က အင်္ဂါနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ 

ပါလက်စတိုင်း နယ်မြေတွေရဲ့ စီးပွားရေးဟာ ပဋိပက္ခရဲ့ နောက်ဆုံးအကျော့အစ ဖြစ်တဲ့ လက်ရှိ အခြေအနေနဲ့ မနှစ်က ခုလိုအချိန်ကို နှိုင်းယှဉ်ရင် ၃၅ ဒသမ ၁ ရာခိုင်နှုန်း နည်းသွားပြီး ဆင်းရဲမွဲတေမှုနှုန်းက ၇၄ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့တယ်လို့ UN အေဂျင်စီက ဆိုပါတယ်။

ဂါဇာက လူဦးရေအားလုံးနီးပါးဟာ ဆင်းရဲမွဲတေမှုထဲကို ကျဆင်းသွားခဲ့ပြီး ကျန်းမာရေးနဲ့ ပညာရေးလို လူနေမှုဘဝ အညွှန်းကိန်းတွေကို ၆၉ နှစ်စာ နောက်ပြန်ဆုတ်သွားစေခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင်၊ လွန်ခဲ့တဲ့ ၃ လအတွင်း လက်ဘနွန်အပေါ် အစ္စရေးက တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်ရဲ့ GDP ၇ ဒသမ ၂ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ ခန့်မှန်း ထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသက ဂျာဘာလီယာကို အစ္စရေးစစ်တပ်က စီးနင်းတိုက်ခိုက်ပြီး ဂါဇာ မြောက်ပိုင်းကို ဝိုင်းရံထားတာကြောင့် ပါလက်စတိုင်း ၇၇၀ ကျော် သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာအစိုးရ မီဒီယာရုံးက အောက်တိုဘာ ၂၄ ရက်မှာ ပြောပါတယ်။

ပါလက်စတိုင်းတွေဟာ “ဂါဇာကမ်းမြောင် မြောက်ပိုင်းမှာ ဆက်ဖြစ်နေတဲ့ အစ္စရေးတို့ရဲ့ သိမ်းပိုက်မှုအောက်မှာ အသက်ရှင်ရပ်တည်ရေးအတွက် ရနိုင်တဲ့ နည်းလမ်းအားလုံး မြန်မြန် ခြေကုန်လက်ပမ်းကျလာနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သတိပေးခဲ့ပါတယ်။

ဂါဇာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်ကတည်းက ခုထိ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄၂၇၉၂ ယောက်ထက်မနည်း သေဆုံးပြီး ၁၀၀၄၁၂ ယောက် ဒဏ်ရာရခဲ့ ပါတယ်။ ဟားမတ်စ်ဦးဆောင်တဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ ခန့်မှန်းခြေ လူပေါင်း ၁၁၃၉ ယောက်  သေဆုံးခဲ့ပြီး ဓားစာခံ အယောက် ၂၀၀ ကျော် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013