အစ္စရေးလုံခြုံရေးဌာနဟာ အီရန်ထောက်လှမ်းရေးကိုယ်စား သတင်းအချက်အလက်တွေ စုဆောင်းနေတဲ့ သူလျှိုဂိုဏ်း ကွင်းဆက်တခုကို ဖော်ထုတ်လိုက်ပြီးနောက် သူလျှိုလုပ်ရန် သံသယမှုနဲ့ အသက်မပြည့်သေးသူ ၂ ယောက် အပါအဝင် အစ္စရေးလူမျိုး ၇ ယောက်ကို အစိုးရရှေ့နေတွေက အောက်တိုဘာ ၂၅ ရက်က ဟိုင်ဖာရှိ တရားရုံးတခုမှာ စွဲချက်တင်ခဲ့ပါတယ်။
ရှင်းဘတ်လို့ သိကြတဲ့ အစ္စရေးထောက်လှမ်းရေးအေဂျင်စီနဲ့ ရဲတပ်ဖွဲ့တို့ရဲ့ အောက်တိုဘာ ၂၁ ရက်က ပူးတွဲထုတ်ပြန်ချက်မှာ ဆိပ်ကမ်းမြို့ ဟိုင်ဖာ အပါအဝင် အစ္စရေးနိုင်ငံမြောက်ပိုင်းမှ အစ္စရေးလူမျိုး ၇ ယောက်ကို အစ္စရေး စစ်အခြေစိုက်စခန်းတွေ၊ စွမ်းအင်နဲ့ ဆိပ်ကမ်း အခြေခံအဆောက်အအုံတွေ ထောက်လှမ်းရေး အချက်အလက်တွေ စုဆောင်းထားတာကို စုံစမ်းတွေ့ရှိပြီးနောက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အစ္စရေးမှာ မြင်ဖူးသမျှထဲမှာ လုံခြုံရေး ချိုးဖောက်မှုဟာ အဆိုးရွားဆုံးဖြစ်တယ်လို့ အစ္စရေး ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီသံသယရှိသူတွေကို အီရန်ထောက်လှမ်းရေးဌာနမှ အေးဂျင့် ၂ ယောက်က တာဝန်ပေးထားတာဖြစ်ပြီး သူတို့ဟာ နိုင်ငံတဝန်းရှိ စစ်အခြေစိုက်စခန်းတွေအပြင် အစ္စရေးရဲ့ မိုဘိုင်းလ်ရာသီစုံ လေကြောင်းရန် ကာကွယ်ရေးစနစ်ဖြစ်တဲ့ Iron Dome ရဲ့ ဘက်ထရီတွေနဲ့ ဆိပ်ကမ်းတွေနဲ့ပတ်သက်ပြီး ရာနဲ့ချီတဲ့ သတင်းအချက်အလက် စုဆောင်းရေး တာဝန်တွေကို ထမ်းဆောင်ရတယ်လို့ အစ္စရေးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သံသယရှိသူတွေဟာ ဒေါ်လာ သိန်းနဲ့ချီတဲ့ ငွေကြေးအတွက် လောဘဇောနဲ့ လုပ်ဆောင်ခဲ့ပြီး တချို့တစိတ်တပိုင်းကို ဒစ်ဂျစ်တယ်ငွေကြေးကို အသုံးပြုပြီးတော့ လဲလှယ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဟာ အစ္စရေးအရာရှိတွေကို လုပ်ကြံသတ်ဖြတ်ဖို့နဲ့ အီရန် ထောက်လှမ်းရေးဌာန ကိုယ်စားတခြားတိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့ စီစဉ်နေကြောင်း စွပ်စွဲမှုတွေနဲ့ ဂျေရုဆလင်မြို့ခံ ၇ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။
စက်တင်ဘာလတုန်းက အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဟာ ဝန်ကြီးချုပ် အပါအဝင် အရေးပါထင်ရှားတဲ့ လူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ အီရန်ကျောထောက်နောက်ခံပြု ကြံစည်မှုမှာ ပါဝင်ပတ်သက်နေကြောင်း သံသယရှိတဲ့ အစ္စရေးနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အင်္ဂါနေ့က မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။
Source-Reuters