ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ စက်လှေမှောက်လို့ ပျောက်ဆုံးနေတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ထဲက တယောက်ရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၂၇ ရက်က ပြန်လည်တွေ့ရှိပြီး သေနတ်နဲ့အတူ ပျောက်နေတဲ့ ရဲတယောက်ကိုတော့ လိုက်လံ ရှာဖွေနေတယ်လို့ ငပုတောမြို့နယ် ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ငပုတောမြို့နယ် ရဲတပ်ဖွဲ့က နယ်ထိန်း ၂ ယောက်ဖြစ်တဲ့ အောင်ကျော်ဦးနဲ့ မျိုးကိုတို့ဟာ အောက်တိုဘာ ၂၃ ရက်က ပင်လယ်ရေလုပ်သားတွေကို စစ်ဆေးဖမ်းဆီးဖို့သွားရင်း ပင်လယ်ကမ်းစပ်မှာ စက်လှေမှောက် ပျောက်ဆုံးနေတာပါ။
ငပုတောမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “စက်လှေမှောက် ပျောက်ဆုံးနေတဲ့ စကစလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက်က ဖျံရေကျော်နယ်ထိန်း အောင်ကျော်ဦးနဲ့ တမာန်ချောင်းနယ်ထိန်း မျိုးကိုတို့ပါ။ လက်ရှိ အလောင်းပြန်တွေ့ထားတယ်။ အောင်ကျော်ဦးဆိုသူရဲ့ အလောင်းပါ။ သေနတ်နဲ့အတူ ပျောက်နေတာက မျိုးကို ဆိုတဲ့ နယ်ထိန်းပဲ။ တိုင်းအဆင့်ရဲမှူးရဲ့အမိန့်နဲ့ မသင်္ကာလို့ သေနတ်ပါ ပါသွားတာဖြစ်လို့ လိုက်ရှာနေတာ။ သေရေးရှင်ရေးထက် သေနတ်ပါသွားတော့ ထွက်ပြေးတယ်လို့ ယူဆတာ” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ဟာ ငပုတောမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနက စက်လှေကို စီးပြီး အရပ်သား ရေလုပ်သားတွေကို စစ်ဆေး ငွေကောက်ဖို့ သွားတာလို့ နီးစပ်သူတွေဆီက သိရပါတယ်။
ငပုတောဒေသခံတယောက်က “အခု စက်လှေပါပျောက်နေတာလို့ သိရတယ်။ အဲဒီနေ့က အကုန်တွေ့တာပဲ၊ ရဲစက်လှေဆိုတော့ ဘယ်သူမှ အနားမကပ်ရဲတာ။ ငပုတောမြစ် အရှေ့ဘက် ကံစိတ်ရွာ အနီးမှာ ပင်လယ်ငါးဖမ်း ပိုက်ဘောတွေကို စက်လှေက တိုက်မိပြီး မြုပ်သွားတာ။ အခုရက်ထဲ ရဲတွေ စစ်သားတွေတော့ မြစ်ထဲ ရှုတ်ယှက်ခက်နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေက နယ်ထိန်းအဆင့် သေနတ်နဲ့အတူ ပျောက်နေတဲ့ မျိုးကို ကို လိုက်လံရှာဖွေနေတဲ့အပြင် စက်လှေငှားလိုက်တဲ့ ငပုတောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ဝန်ထမ်းတယောက်ဖြစ်တဲ့ ဝင်းကို ကိုပါ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။