Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စားဝတ်နေရေးအတွက် ဆံပင်ဖြတ်ရောင်း ဖြေရှင်းနေရ
DVB
·
October 28, 2024
Photo - VV

ဆံပင်ဈေးအရင်လို မကောင်းပေမဲ့ ဧရာဝတီတိုင်းမှာ စားဝတ်နေရေးကျပ်တည်းနေလို့ အမျိုးသမီးတွေဟာ အမြတ်တနိုးထားတဲ့ ဆံပင်တွေကို ဖြတ်ရောင်းပြီး စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ ဧရာဝတီတိုင်းဒေသခံတွေဆီက သိရပါတယ်။

အရင်က ၁၂ လက်ကနေ ၃၅ လက်မ အထိရှိတဲ့ ဆံပင် ၁၀ သားကို ငွေကျပ် ၁၉၅၀၀၀ ကနေ ၂၈၀၀၀၀ အထိ ဈေးပေါက်ခဲ့ပြီး လက်ရှိ ၁၂ လက်မကနေ ၃၅ လက်မ အထိရှိတဲ့ ဆံပင် ၁၀ သားကို ငွေကျပ် ၈၀၀၀၀ ကနေ ၉၇၀၀၀ အထိသာ ဈေးပေါက်တော့တယ်လို့ သိရပါတယ်။

ကျိုက်လတ်မြို့နယ်နေ အမျိုးသမီးတယောက်က “ဆံပင်ဈေးက အရင်လောက်မကောင်းဘူး။ ဈေးလည်း မကောင်းတဲ့အပြင် အမြတ်တနိုးထားတဲ့ ဆံပင်ကို ဘယ်ဖြတ်ရောင်းပါ့မလဲ၊ စားစရာမရှိလို့ ရောင်းတာ။ အရင်က အခုလောက် မကျပ်တည်းတော့ ဆံပင်ရှည်လာပြီဆို ဖြတ်ပြီးရောင်းပြီး လှူနေကျလေ။ အခုက စားဝတ်နေရေးအတွက် တော်တော်ကို အဆင်မပြေဖြစ်လာလို့လုပ်ရတာ။ ဆံပင်ဖြတ်ရောင်းရတဲ့နေ့က ငိုမိပါတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းခဲ့တာနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ရိုက်ခတ်တဲ့ဒဏ်ကြောင့် အလုပ်အကိုင်ရှားပါလာတာ၊ ကုန်ဈေးနှုန်းတွေ အဆမတန်ထိုးတက်နေတာ၊ လုပ်နေရတဲ့ လုပ်အားခနဲ့ ကုန်ကျငွေ မမျှတဖြစ်နေတာ၊ လက်ရှိ လုပ်နေတဲ့ အလုပ်အကိုင်တွေ အဆင်မပြေဖြစ် ပေါ်လာတာတွေကြောင့် စားဝတ်နေရေး ခက်ခဲကျပ်တည်းလာတဲ့အတွက် အခုလို အမြတ်တနိုးထားတဲ့ ခေါင်ပေါ် က ဆံပင်တွေကို ဖြတ်ရောင်းလာကြရတာလို့ ဆိုပါတယ်။

ပုသိမ်မြို့က ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတယောက်က “အရင်က ဈေးကောင်းကောင်းနဲ့ အရောင်းအဝယ်လုပ်ရတာတောင် ဆံပင်တွေကို အစ်မတို့ မနည်းလိုက်လံရှာဖွေ တောင်းဝယ်ရတာ။ အဲ့ဒီတုန်းက ဆံပင်ကုန်သည်တိုင်းကြုံရတဲ့ အခက်အခဲပဲ။ အခုတော့ ဆံပင်ရောင်းမလား မေးတာနဲ့ ခေါ်ရောင်းတဲ့သူချည်းပဲ။ အဓိကကတော့ အလုပ်အကိုင် အဆင်မပြေ၊ စီးပွားရေးကျပ်တည်းလာလို့ပါ။ ဆံပင်ဈေး မကောင်းတာက လိုသလောက်ပဲဝယ်တဲ့ ပြည်ပဈေးကွက် အခြေအနေကြောင့်ပေါ့” လို့ ပြောပါတယ်။

အဲ့ဒီ ဝယ်ယူထားတဲ့ ဆံပင်တွေကို ဆပ်ပြာနဲ့ ရေစနစ်တကျ သန့်စင်အောင် ဆေးပြီး နေပူလှန်း၊ အတိုအရှည် ဆိုဒ်ခွဲပြီးတော့ ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း စတဲ့နိုင်ငံ တွေကို ပိဿာချိန် ဒါမှမဟုတ် ကီလို နဲ့ ပြန်လည်ရောင်းချတာလို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က ယိုယွင်းကျပ်တည်းလာတာကြောင့် မြန်မာအမျိုးသမီးတွေ စားဝတ်နေရေး အပါအဝင် နေ့စဉ် ခက်ခဲတဲ့ဘဝတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဆံဦးဆံဖြားကိုပါ ဖြတ်တောက်ရောင်းချနေကြရတာဖြစ် တယ်လို့ ဆိုပါတယ်။

Photo - VV

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013