ဧရာဝတီတိုင်းက ထုတ်တဲ့ မြန်မာ့လက်မှုထုတ်ကုန် ပုသိမ်ထီးတွေကို ဝယ်ယူတဲ့သူမရှိသလောက် ဖြစ်လာတာကြောင့် ဈေးကွက်ပျက်လုနီးပါးဖြစ်နေပြီး ပုသိမ်ထီးလုပ်ငန်းရှင်နဲ့ လုပ်သားတွေ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
အာဏာမသိမ်းခင်က အခုလို ပွင့်လင်းရာသီမှာ ပုသိမ်ထီးတွေကို ပြည်တွင်းဈေးကွက်ဖြစ်တဲ့ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ ပုဂံ၊ ညောင်ဦးနဲ့ ပြည်ပဈေးကွက်က အဝယ်ရှိခဲ့ပြီး လက်ရှိမှာတော့ အဲဒီဒေသတွေက လုံးဝမဝယ်တော့တာကြောင့် ပုသိမ်ထီးဈေးကွက်ဟာ ပျက်လုနီးပါး အခြေအနေအထိ ဖြစ်နေတယ်လို့ သိရပါတယ်။
ပုသိမ်မြို့ခံ ပုသိမ်ထီးလုပ်ငန်းရှင်တယောက်က “အရင်က ဝယ်လက်တွေ အရမ်းများတယ်။ ဒီလို စက်တင်ဘာလနဲ့ အောက်တိုဘာလတွေဆို။ အာဏာမသိမ်းခင်ကပေါ့။ တင်ပို့ရတာတွေ လက်ကိုမလည်ဖြစ်ခဲ့တာ။ အာဏာသိမ်းလိုက်ကတည်းက အလုပ်က မကောင်းတာ ဒီနေ့အထိပဲ ဆိုပါတော့။ ပြည်ပဈေးကွက်က လုံးဝမရှိတော့ဘူး။ ပြည်တွင်းဈေးကွက်ကလည်း အားကိုးလို့မရဘူး။ ဒီအတိုင်း ဝယ်လက်မရှိဖြစ်နေရင် ဈေးကွက်ပျက်တဲ့အထိ ဖြစ်လာပြီး ဈေးကွက်မှာ မြန်မာ့လက်မှု ထုတ်ကုန်ပစ္စည်းတခု ယုတ်လျော့သွားတော့မှာပေါ့” လို့ ပြောပါတယ်။
ဒေသထွက်ကုန် ပုသိမ်ထီးဟာ အလှအပကို ဦးစားပေးပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာ လက်မှုထုတ်ကုန် ပစ္စည်းတခုဖြစ်ပြီး ပုသိမ်ထီးကို အမျိုးသမီးအများစုက အလှူမင်္ဂလာ၊ ပွဲလမ်းသဘင်တွေမှာ ဖက်ရှင်တခုအနေနဲ့အသုံးပြုဖို့ ဝယ်ယူတာများခဲ့သလို ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ကုမ္ပဏီတွေမှာ အလှဆင်ပစ္စည်းတွေအဖြစ်ထားရှိဖို့ ဝယ်တာတွေလည်း ရှိခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာတော့ အရင်က တရက်ရောင်းအား ၁၀ သိန်းဖိုးအထိအနည်းဆုံး ရှိခဲ့ပြီး လက်ရှိမှာတော့ တရက်ရောင်းအား ၅ သောင်းဖိုးတောင် အနိုင်နိုင်ရောင်းနေရပြီး လုံးဝ မရောင်းရတဲ့ရက်တွေလည်းရှိတယ်လို့ ဆိုပါတယ်။
ပုသိမ်ဒေသခံ ပုသိမ်ထီးအကြမ်းထည် လုပ်ကိုင်သူတယောက်က “ပုသိမ်ထီးလုပ်ငန်း ဆက်လက်ရပ်တည်ဖို့ ထိခိုက်လာတာကြောင့် ပုသိမ်ထီးလုပ်ငန်းမှာ အဓိကကျတဲ့ ပုသိမ်ထီး ရက်လုပ်တဲ့ ပညာရှင်တွေ၊ ထီးအကြမ်းထည်လုပ်သားတွေ၊ ပန်းချီပညာရှင်တွေ၊ ထီးလုပ်ဖို့အတွက် လိုအပ်တဲ့ဝါးတွေကို စိုက်ပျိုးထုတ်လုပ်တဲ့သူတွေ။ ပုသိမ်ထီး တနိုင်တပိုင်ယူရောင်းတဲ့ ဖောက်သည်တွေပါ အခက်အခဲဖြစ်ပေါ်လာတယ်။ တချို့ဆို ဒီအလုပ်ကို စိတ်ကိုမဝင်စားတော့တာ။ မရတမော့ တရတမော့ အလုပ်ဆိုပြီးတော့လေ” လို့ ပြောပါတယ်။
ပုသိမ်ထီးကိုပြုလုပ်ရာမှာ သစ်၊ ထီးရိုးဝါး၊ သရကူဝါး၊ တယ်သီး၊ ဖဲဖျင်၊ ပိတ်စ စတဲ့ ပြည်တွင်း ဒေသထွက် ပစ္စည်းတွေ အဓိကအသုံးပြုပြီး မြန်မာ့အနုပညာကိုဖော်ထုတ်တဲ့ ဆေးဆိုးတာ၊ ပန်းချီရေးဆွဲတာတို့နဲ့ အလှဆင်တာဖြစ်ပြီး ထီးတချောင်းလုံးကို လက်နဲ့ပဲ ပြုလုပ်ရတာဖြစ်ပါတယ်။
ပုသိမ်ထီး အရွယ်အစားအလိုက် ငွေကျပ် ၃,၀၀၀ ကနေ ၁ သိန်းကျော် အထိရှိပြီး ရဟန်းဆောင်းထီး၊ သီလရှင်ဆောင်းထီး၊ အလှဆောင်းထီး၊ မိုးရေခံထီး၊ အိမ်တော်ရာထီး၊ စားပွဲတင်ထီး၊ မီးအိမ်ထွန်းထီး၊ ဟိုတယ်အလှဆင်ထီး၊ ကမ်းခြေသုံးထီးစတဲ့ ပုံစံအမျိုးမျိုး ပြုလုပ်ရောင်းချကြတာလို့ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ပြီးခဲ့တဲ့ သြဂုတ်လက ပုသိမ်ကိုလာချိန်မှာ ဒေသထွက်ကုန်တွေ တိုးမြှင့်ထုတ်လုပ်ကြဖို့ အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့် အကူအညီ ထောက်ပံ့ပေးတာမျိုးတော့ မရှိဘူးလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။