Home
မြန်မာသတင်း
လားရှိုးမြို့ပေါ်  ၂ နေရာကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ
DVB
·
October 29, 2024
Photo-ဒေသခံ၊
Photo-ဒေသခံ၊
Photo-ဒေသခံ၊
Photo-ဒေသခံ၊
Photo-ဒေသခံ၊

လားရှိုးမြို့ပေါ်ကို အောက်တိုဘာ ၂၉ ရက်နေ့မှာ နှစ်နေရာ စစ်ကောင်စီက လေကြောင်းနဲ့ ထပ်မံ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ကြဲသွားပြီ လားရှိုး။ ‌အောက်တိုဘာလ ၂၉ ရက် မနက် ၁၁ နာရီ ၅၈ မိနစ်မှာ။ အောင်စေတနာလမ်း လမ်းသွယ် ၃ ထိပ်မှာ။ အောင်ရတာနာလမ်းမှာက ဒုတိယအကြိမ်ပါဗျ။ ပထမ အကြိမ်က တလလောက်ရှိပြီ။ ဒီနေ့ အဲဒီနေရာကိုပဲပြန်ကြဲတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

အောင်ရတနာလမ်းက ရပ်ကွက် ၁၁ နမ့်ပါချီးဘက် ဂေါက်ကွင်းဘေးက လေ့ကျင့်ကွင်းနား ဟုတ်တယ်လို့ သူက ပြောပါတယ်။

“ဒီနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ ဒုတိယအကြိမ်ထပ်ကြဲပါတယ်။ မွန်းလွဲ ၂ နာရီ ၃၄ မိနစ်မှာပါ။ သာသနာ ၂၅၀၀ ဘုရားကုန်းပေါ့။ ထိခိုက်မှု အခြေအနေတော့ မကြားရသေးဘူး။ သာသနာ ၂၅၀၀ ဆိုတာ တောင်ပေါ် ဘုရားဟုတ်တယ်" လို့  ဒေသခံ နောက်တယောက်က ပြောပါတယ်။

မနက် ၉ နာရီခွဲ ကျော်လောက်ကစ လားရှိုးမြို့ရဲ့ ဝေဟင်ပေါ်မှာ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေဝဲနေပြီး MNDAA တပ်ဖွဲ့ဘက်ကလည်း ကင်းထောက်လေယာဉ်တွေကို မြေပြင်ကနေ ပြန်ပစ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။

တံတားဦးကနေ တက်လာတဲ့ Yak-130 တိုက်ခိုက်ရေး လေယာဉ်က လာရှိုးမြို့ သာသနာ ၂၅၀၀ ဘုရားကုန်းပေါ် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်လောက်က ပေါင် ၅၀၀ ဗုံးကြဲခဲ့တာ ဆရာတော် တောင်အောက်ရောက်နေချိန်မို့ တော်သေးတယ်လို့ Nationwide Air Scout (NAS) က ဖော်ပြထားပါတယ်။

အောက်တိုဘာ ၂၉ ရက် မနက် ၁၁ နာရီ ၅၈ မိနစ် နဲ့ ၁၄ နာရီ ၃၄ မိနစ်တွေမှာ စစ်ကောင်စီတပ်က လားရှိုးမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ရပ်ကွက် ၁၁ ဂေါက်ကွင်းအနီးရှိ လူနေရပ်ကွက်နဲ့ ရပ်ကွက် ၁ ရှိ သာဿနာ ၂၅၀၀ ဘုရားတို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ 

ပေါင်ချိန်များတဲ့ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ပြည်သူတဦး ဒဏ်ရာရခဲ့ကာ ဘုရားကျောင်းဆောင်တွေ၊ အများသုံး အဆောက်အဦတွေနဲ့ လမ်းဘေးရှိ လျှပ်စစ်မီးကြိုးတွေ အများအပြား ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ထားပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့ကလည်း လားရှိုး ရပ်ကွက် ၁၂ နဲ့ မယ်ဟန်ရွာဘက် စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတယောက် ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်၊ အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့တဲ့ လားရှိုးကို MNDAA တွေ သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ဩဂုတ် ၃၀ ရက်နေ့ကစ အောက်တိုဘာ ၂၉ ရက်အထိ ၃ လခန့်အတွင်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနဲ့ အကြိမ် ၃၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024