ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားရာ နေရာတွေကနေ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။
စက်တင်ဘာလကစပြီး ပင်လောင်းမြို့နယ်ထဲက ဗန်းမောက်၊ နောင်ဝိုး၊ ပင်စုံ၊ လွယ်ဝန်း၊ ကုန်းပေါ၊ နမ့်ဖာမူ၊ သဲတောင် စတဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်၊ PNO တပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ပြည်သူတွေ ဘေးလွတ်ရာကို စစ်ရှောင်နေရပါတယ်။
ဗန်းမောက်ရွာက စစ်ရှောင်အမျိုးသားတယောက်က “အစားအသောက်ကတော့ အရေးပေါ်လိုနေတဲ့ အနေထားမှာ ရှိနေတယ်။ တနေ့လုပ် တနေ့စားတွေ များတော့ စစ်ရှောင်ရတာနဲ့ အလုပ်မရှိတာနဲ့၊ ထပ်ကြာမယ်ဆိုရင် ငတ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်” လို့ ပြောပါတယ်။
စစ်ရှောင်ကာလ တလဝန်းကျင်ကို ရောက်ရှိလာပြီး စစ်ဘေးရှောင် ပြည်သူ ၁၀,၀၀၀ ကျော်က ပင်လောင်းမြို့၊ ညောင်ရွှေမြို့နယ်ထဲနဲ့ နောင်တယားဘက်မှာ အသီးသီး စစ်ရှောင်ကြသူတွေလည်း ရှိနေပါတယ်။
ခုလက်ရှိမှာ စမ်းရေကြည်၊ နားမွန်း၊ ဟဲဆပ်ရွာတွေကနေ စစ်ဘေးရှောင်ပြည်သူ ၁,၅၀၀ ကျော်က ဆန်၊ ဆီ၊ ဆားတွေ အရေးပေါ်လိုအပ်နေတာ ဖြစ်ပါတယ်။
“အလှူရှင်တွေ လုံးဝမရှိတာ၊ ရောက်လည်းမလာဘူး။ ခုလက်ရှိက သူများရွာရဲ့ ခန်းမဆောင်နဲ့ ဘုန်းကြီးကျောင်းမှာ နေတယ်။ တချို့က တဲထိုးနေတယ်။ တချို့က စက်ပေါ်မှာပဲ နေတယ်။ တဲထိုးဖို့ စရိတ်မတတ်နိုင်လို့။”
ပင်လောင်းမြို့အနီးတဝိုက်နဲ့ ဖယ်ခုံမြို့တွေမှာ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။