Home
နိုင်ငံတကာ
အာဂျင်တီးနားတွင် ၁၀ ထပ်မြင့် ဟိုတယ် ပြိုကျပြီး ၁ ဦးသေဆုံး
DVB
·
October 30, 2024
Photo-Reuters

အာဂျင်တီးနားနိုင်ငံ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဗီယာဂီးဆဲလ်မြို့မှာ အောက်တိုဘာ ၂၉ ရက်က အထပ် ၁၀ ထပ်ရှိ ဒူဘရို့ဗ်နစ်ဟိုတယ် ပြိုကျခဲ့လို့ အနည်းဆုံး လူတယောက် သေဆုံးပြီး ကယ်ဆယ်ရေးသမားတွေဟာ အပြိုအပျက်တွေကြားမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြပါတယ်။

မြို့တော်ဝန် ဂူစတာဗို ဘာရီရာနဲ့ ဘွေနော့စ်အဲရီးစ်ပြည်နယ် လုံခြုံရေးဝန်ကြီး ဟာဗီယာ အလွန်ဆို တို့ဟာ မတော်တဆမှု ဖြစ်ပွားရာနေရာကို သွားရောက်ကြည့်ရှုခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အရေးပေါ်အဖွဲ့တွေဟာ အပျက်အစီးတွေကို ရှင်းလင်းပြီး နောက်ထပ် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အလျင်စလို လုပ်ဆောင်နေကြပါတယ်။

လုံခြုံရေးဝန်ကြီး အလွန်ဆိုက “နိုင်ငံတကာ အတွေ့အကြုံအရ အပျက်အစီးတွေအောက်မှာ တပတ်အကြာထိ အသက်ရှင်ကျန်ရစ်သူတွေ ရှိနေနိုင်တယ်လို့ ပြောထားတာကြောင့် အဆုံးထိ ဆက်လုပ်သွားမှာဖြစ်ပြီး နောက်ဆုံး ကျောက်တုံးကို ဖယ်ရှားမပြီးမချင်း ရှာဖွေရေးကို ရပ်လိုက်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

အသက် ၈၀ အရွယ် အမျိုးသမီးတယောက်ကို ကင်မရာတပ်ဆင်ထားတဲ့ ကက်သီတာပြွန်ရဲ့ အကူအညီနဲ့ ကယ်ဆယ်နိုင်ခဲ့ပြီး သက်ကြီးရွယ်အိုတယောက်ရဲ့ ရုပ်အလောင်းကိုလည်း ပြန်လည်တွေ့ရှိခဲ့ပါတယ်။

ပြိုကျရတဲ့ အကြောင်းရင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘဲ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ဆက်စပ်နေသူ ၄ ယောက်ကို ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။

ပြိုကျတဲ့ အနောက်ဘက်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းအတွက် စည်ပင်ခွင့်ပြုချက် ပါမစ်လည်း မရှိထား၊ လျှောက်လွှာလည်း တင်ထားတာ မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟိုတယ်ပြိုကျချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားတွေ အပါအဝင် လူ ၇ ယောက်မှ ၉ ယောက်ကြား အဆောက်အဦထဲမှာ ရှိနေတယ်လို့ ယူဆရပါတယ်။

မြူနီစီပယ်ဌာနဟာ အဲဒီနေရာမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အခုနှစ် သြဂုတ်လမှာ ရပ်ဆိုင်းခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024