ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့မှာ အောက်တိုဘာ ၁၇ ရက်က ဆောက်လက်စ ဘေလီယာယီတံတား ပြိုကျသွားပြီး လူ ၁ ဦး ဒဏ်ရာရသွားပါတယ်။
တာချီလိတ်ဘက်ကနေအလာ မိုင်းဆတ်မြို့အဝင်ရှိ နမ့်ခုတ်မြစ်ပေါ်က ဆိုင်းခေါဝ်တံတားဟာ ပြီးခဲ့တဲ့လက ရေကြီးရေလျှံမှုကြောင့် ပြိုကျသွားပြီး အများပြည်သူသွားလာရေးအတွက် ယာယီ ဘေလီတံတားတည်ဆောက်စဉ် ပြိုကျပျက်စီးသွားတာလို့ မိုင်းဆတ်ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“အဲဒီဘေလီတံတားက အရင်လ ၂၇ ရက်က စဆောက်တာပါ၊ ဆောက်လုပ်ရေးလမ်းတံ တားဦးစီးဌာနက လာဆောက်ပေးနေတာ ပြီးတောင်ပြီးခါနီးပါပြီ။ ဒါပေမဲ့ မနေ့ မွန်းတည့်ခါနီး အလုပ်သမားတွေ ခဏနားပြီး နေ့လည်စာစားချိန် တံတားထောက်တဲ့ သစ်သားရေ လည်တိုင် ယိုင်ပြီး ပြိုလဲသွားတယ်၊ ဘာကြောင့်ပြိုသွားလဲ မသိဘူး၊ မိုးလည်းနည်းနည်းပဲရွာတာ၊ လူတယောက် ခေါင်းမှာဒဏ်ရာရသွားပြီး ဆေးရုံတက်ရတယ်လို့ သိရတယ်ခင်ဗျ။”
ဆိုက်ခေါင်အုတ်ခံတံတားဟောင်းဟာ စက်တင်ဘာ ၁၀ ရက်က ရေကြီးရေလျှံမှုကြောင့် ပြိုကျသွားလို့ ပြည်သူတွေဟာ ဖောင်စီးပြီးသွားလာနေရတာပါ။
ကားကြီးကားငယ်တွေ သွားလာလို့မရသေးတာကြောင့် တာချီလိတ်ဘက်ကလာတဲ့ ကုန်စည်တွေ ဝင်လို့မရသလို ဝန်ထမ်း နဲ့ ပြည်သူတွေကလည်း အသွားအပြန် ဖောင်ပဲစီးနေရလို့ ခရီးစရိတ် ထပ်ကုန်ပြီး အခက်အခဲဖြစ်နေပါတယ် ။
ဆောက်လုပ်ရေးဝန်ထမ်းတွေဘက်ကတော့ ဘေလီတံတားအမြန်ပြီးဆုံးရေးအတွက် အဆောတလျင် ကြိုးစားတည်ဆောက်ပေးနေပုံရတယ်၊ တံတားတည်ဆောက်ပြီးစီးမှ ကျိုးကျ သွားရင်တော့ ဒီထက်ပိုပြီး ထိခိုက်ဆုံးရှုံးမှုများနိုင်တယ်လို့ ဒေသခံက ခန့်မှန်းပြောဆိုပါတယ်။
မိုင်းဆတ်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်မှ ၁၁ ရက်နေ့တွေအတွင်း မိုးကြီးရေလျှံခြင်း၊ တောင်ကျချောင်းရေ နဲ့ မြေပြိုခြင်းတွေဖြစ်ခဲ့လို့ လမ်းတံတားတွေ ပျက်စီးခဲ့တယ်၊ ပိန်းခမ်းကျေးရွာမှာဆိုရင် လူနေအိမ်ခြေ ၁၃ လုံးရေထဲမျောပါသွားပြီး နေအိမ်ပေါင်း ၂၀ ကျော် ပြန်မပြင်နိုင်သေးသလို ရွာလမ်းတွေမှာလည်း ရွှံ့နွံနဲ့ အမှိုက်သရိုက်တွေနဲ့ နာလံမထူနိုင်သေးဘူးလို့ မိုင်းဆတ်ဒေသခံက ပြောသွားပါတယ်။