Home
မြန်မာသတင်း
မိုင်းဆတ်မြို့နယ်က ရေဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေးအကူအညီ လိုအပ်
DVB
·
October 11, 2024
Photo-Sai Kyaw Aung F.B
Photo-Sai Kyaw Aung F.B
Photo-Sai Kyaw Aung F.B
Photo-Sai Kyaw Aung F.B
Photo-Sai Kyaw Aung F.B
Photo-Nang ShweNu F.B
Photo-Nang ShweNu F.B

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းယွန်းကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရေကြီးရေလျှံ မြေပြိုတံတားကျိုးပြီး နေအိမ် ၉၀  နီးပါး ပျက်စီးခဲ့တာမှာ ဒီကနေ့ထိ နာလန်မထူနိုင်သေးဘဲ ပြန်လည်ထူထောင်ရေး အကူအညီများစွာ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၀ ရက် ညနေ ၃ နာရီလောက်က နမ့်ခုတ်ချောင်းရေလျှံကျပြီး ပိန်းခမ်းရွာထဲကို ဝင်ရောက်လာခဲ့တယ်၊ တောင်ကျချောင်းရေတွေပါ အရှိန်ပြင်း စီးဆင်းတာကြောင့် လူနေအိမ်တွေ ရေထဲမျောပါတာရှိသလို နေလို့မရအောင် ပျက်စီးသွားတာတွေလည်း ရှိတယ်လို့  ပိန်းခမ်းရွာသူတယောက်က ပြောပါတယ်။

“ပိန်းခမ်းတရွာလုံး အိမ်ခြေ ၈၅ လုံးကျော် ရေလွှမ်းခဲ့တယ်။ ကျမတို့အိမ်ဆို ခေါင်မိုးထိမြုပ်ပြီး ရေထဲပါလာတဲ့ သစ်ပင်သစ်ကိုင်းတွေ တိုက်သွားလို့ ခေါင်မိုးတွေ ရစရာမရှိအောင် ပျက်စီးသွားတယ်။ အခုထိ ပြန်မပြင်နိုင်သေးပါဘူး။ မွေးထားတဲ့ ကြက်တွေ ဝက်တွေလည်း ရေထဲမျောကုန်တယ်။”

နောက်ဒေသခံတယောက်ကလည်း “တထပ်အိမ် ၁၃ လုံး ရေထဲမျောပါသွားတယ်။ ၂၀ က  လုံးဝနေလို့မရအောင် အမိုးအကာပျက်စီးတယ်။ နောက်ထပ် ၅၀ ကျော်ကတော့ ပြန်ပြီး ပြုပြင်နေထိုင်ကြရတယ်။ ကားတွေ ဆိုင်ကယ်တွေလည်း ရေထဲမြုပ်တယ်။ ရေစီးအရမ်းသန်တော့ စက်လှေ ၅ စီးလည်း မျောသွားတယ်။ အိမ်ထောင်ပရိဘောဂ အိပ်ယာတွေ အဝတ်အထည်တွေ စားသောက်စရာတွေ အကုန်ရေထဲမျောပြီး ပျက်စီးကုန်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စပါးခင်းဧက ၈၀ ကျော်နဲ့ ပြောင်းဖူးခင်းဧက ၅၀ ကျော် ရေတိုက်စားသွားတယ်၊ ရေတိုက်စားသွားတဲ့ နေရာမှာ သဲတွေ နုန်းတွေ ကျန်ခဲ့လို့ ဒီနှစ်အတွက် ပြန်စိုက်ပျိုးလို့ မရတော့ဘူး၊ ပိန်းခမ်းရွာနဲ့ ပိန်းဆာရွာကြား ဆက်သွယ်ထားတဲ့ တံတားလည်း ကျိုးသွားပြီး ဒီနေ့ထိ ပြန်မပြင်ရသေးဘူးလို့ ဆိုပါတယ်။

နေအိမ်ပျက်စီးသွားတဲ့ ရွာသားတွေဟာ ဒီနေ့ထိ အိမ်တွေ ပြန်မပြင်နိုင်တာကြောင့် ကျေးရွာ စာသင်ကျောင်းနဲ့ ပိန်းခမ်းဘုန်းကြီးကျောင်းမှာ ခိုလှုံနေရပါတယ်။

အစိုးရ လူကယ်ပြန်ဌာနက ရေဘေးသင့်ရွာသားတွေအတွက် တအိမ်ထောင်ကို ကျပ် ၂၅,၀၀၀ နှုန်းနဲ့ လာရောက်ကူညီခဲ့တယ်၊ ဒါပေမဲ့ ပြန်လည်ထူထောင်ဖို့တော့ မလုံလောက်ကြောင်း၊ ရွာသားတွေအတွက် လောလောဆယ် အလိုအပ်ဆုံးမှာ အိမ်နဲ့ ရွာလမ်းက ရွှံ့နွံတွေ ဖယ်ရှားဖို့   မြေတူးမြေကော်စက်နဲ့ စက်သုံးဆီတွေလို့ မိုင်းဆတ်ဒေသခံက ပြောသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013