ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို ဆက်ထားတဲ့ မိုင်းကိုင်-နမ့်လန် လမ်းပေါ်က ဆားတောင်တံတား ရေတိုက်စားပြီး အောက်တိုဘာ ၁ ရက်က ပြိုကျသွားလို့ လမ်းအသွားအလာမရသေးကြောင်း ဒေသခံတွေနဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “ဆားတောင်တံတားက သွားလို့မရသေးဘူး။ ပြင်တော့ ပြင်နေတယ်။ ဘယ်နှစ်ရက်ကြာမယ် ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။
ရွာနားက နောက်ထပ်တံတားတခုလည်း နည်းနည်းပဲ့ထွက်သွားတာကြောင့် ကားကြီး ဆိုရင်တော့ သွားလို့မရသေးဘူးလို့လည်း ပြောပါတယ်။
စက်တင်ဘာလဆန်းပိုင်းကတည်းက အဲဒီတံတား အခြေအနေမကောင်းတော့တာဖြစ်ပြီး မြေတွေလည်း ပြိုထားတာ ရှိသလို ချောင်းရေက ရေစီးတအားသန်တာကြောင့် တံတားအောက်ခြေကို ရေတိုက်စားပြီး အောက်ဘက် မြေကြီးတွေ ကျွံနေတာ ဖြစ်ပါတယ်။
ကုန်တင်ယာဉ်မောင်းတယောက်က“အရင်လ စက်တင်ဘာ ပထမပတ်လောက်ကတည်းက တံတားနား လမ်းတခြမ်း နိမ့်နေတာ။ တံတားကမြင့်ပြီး လမ်းက မရှိတော့ဘူး။ ကျနော်တို့ကားတွေဖြတ်ပြီး ပေးမဖြတ်တော့ဘူးလို့တော့ ပြောတာပဲ။ နောက်ပိုင်းတော့ တစီး တသိန်းနဲ့ ပိုက်ဆံစားပြီးတော့ ပေးဖြတ်တဲ့ဟာတွေရှိတယ်”လို့ ပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းကိုင်မြို့၊ မိုင်းကိုင်-နမ့်လန်သွား လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားကြောင်း လမ်း/တံတား ဦးစီးဌာနက သတင်းထုတ်ထားပါတယ်။
စက်တင်ဘာ ၁ ရက် မနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန်းလုံချောင်းရေ မြင့်တက်လာပြီး မွန်းလွဲ ၂ နာရီခန့်က မိုင်းကိုင်-နမ့်လန်သွားလမ်းပေါ်ရှိ တံတားအမှတ် ၃/၉၁၊ အလျား ၃၆၀ ပေ၊ အကျယ် ၃၀ ပေ၊ ခံနိုင်ဝန် ၆၀ တန်ရှိ ဆားတောသံကူကွန်ကရစ်တံတားရဲ့ မြောက်ဘက်ခြမ်း ချဉ်းကပ်လမ်း အကျယ် ၃၀ ပေ၊ အလျား ၃၀ ပေ ရေတိုက်စား ပြိုကျပျက်စီးခဲ့ပြီး ယာဉ်ကြီး၊ ယာဉ်ငယ်တွေ ဖြတ်သန်းသွားလာမှု ရပ်တန့်ခဲ့ရကြောင်း ဖော်ပြထားပါတယ်။
အဲဒီ ပြိုကျပျက်စီးသွားတဲ့တံတားကို မိုင်းကိုင်မြို့နယ်၊ လမ်း/တံတားဦးစီးဌာနက ဝန်ထမ်းတွေနဲ့ တာဝန်ရှိတွေက ပြုပြင်နေပြီလို့လည်း ဖော်ပြထားပါတယ်။