ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ဘာအံ-မြဝတီ လမ်းပိုင်းပေါ်ရှိ တံတားတစင်း မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရေတိုက်စားပြီး ပျက်စီးသွားတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့နယ်မှာ ဇူလိုင် ၂၄ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းကာ တောင်ကျချောင်းရေ တိုက်စားတဲ့အတွက် နောင်ခွီးတံတား ပျက်စီးသွားပြီး ဘားအံ-ထီးလုံ-သရက်တော-နဘူး-ထိုးကို့ကောနဲ့ မြဝတီတို့ လမ်းပိုင်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ပါတယ်။
ပိုင်ကျုံဒေသခံတဦးက “ဒီဘက်လမ်းကြောင်းက လုံးဝသွားမရတော့ဘူး။ တံတားထိပ်နားကအပိုင်းကို ရေအရှိန်နဲ့ ထိုးသွားတာ လုံးဝသွားမရတော့ဘူး။ ဖြစ်တာက ဘယ်အချိန်လဲ သေချာမသိပေမဲ့ သိတာကတော့ ၂၅ ရက်နေ့ မနက်အစောကြီးပါ။ လမ်းတချို့နေရာတွေမှာ ရေတက်နေပါတယ်ဆို နောင်ခွီးတံတားပါ သွားလို့မရတော့ဘူးဆိုတော့ လုံးဝ ဆက်သွယ်ရေး ပြတ်တောက်သွားတာ” လို့ ပြောပါတယ်။
လှိုင်းဘွဲ့မြို့နယ်နဲ့ ပိုင်ကျုံမြို့မှာလည်း ဇူလိုင် ၂၄ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေနစ်မြုပ်နေသလို လမ်းရေကျော်မှုတွေလည်း ဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။
မြဝတီသွားတဲ့ ထိုးကို့ကော တောင်တက်လမ်းပိုင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျရေတွေ စီးဆင်းလာတဲ့အတွက် တောင်ပေါ်လမ်းပိုင်းနေရာတချို့မှာ ရေကျော်နေတာနဲ့ မြေပြိုနေတဲ့အတွက် လမ်းပိုင်းကို ယာယီပိတ်ထားတယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC ရဲဘော်တဦးက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားပါတယ်။
ထိုးကို့ကော တောင်တက်လမ်း ပိတ်ထားတာနဲ့ပတ်သက်ပြီး KNU/KNLA PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဘားအံမြို့နယ်မှာလည်း သံလွင်မြစ်ရေ မြင့်လာပြီး စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိလာတာကြောင့် သံလွင်မြစ်ကမ်းအနီး နေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ဖို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။