မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-ဖာပွန် ကားလမ်းမပေါ်ရှိ တံတားတစင်း မေ ၆ ရက်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတာကြောင့် ဆက်သွယ်ရေး ပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီး ဘီးလင်း-ဖားပွန် ကားလမ်းမပေါ်ရှိ ကညင်ပင်ကွင်းတံတားကို မေ ၆ ရက် မနက် ၆ နာရီကျော်က မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။
မိုင်းခွဲဖျက်ဆီးခံခဲ့ရတာကြောင့် ပေ ၈၀ ရှိတဲ့ သံကူကွန်ကရစ်တံတား ခါးလယ်ကနေ ကျိုးကျသွားပြီး ဘယ်ယာဉ်မှ သွားလို့မရတော့တာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့တယ်လို့ နတ်ကြီးကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
“မိုင်းခွဲလိုက်တာ တံတားက လုံးဝသွားလာလို့မရအောင် ပျက်စီးသွားတာ။ တံတားကို PDF လာခွဲသွားတာလို့တော့ ကြားတယ်။ ဖာပွန်မှာ တိုက်ပွဲပြင်းထန်နေလို့ စစ်ကူပို့မရအောင် လာလုပ်သွားတယ်ပဲ ပြောနေကြတာ၊ သေချာတော့မသိဘူး။ အဲဒီတံတားက ရွာသားတွေလည်း သုံးသလို ရွှေတွင်းသမားတွေ၊ စိုက်ပျိုးရေးခြံသမားတွေလည်း သုံးတယ်။”
ကညင်ပင်ကွင်းတံတား မိုင်းခွဲဖျက်စီးခံရတာနဲ့ပတ်သက်ပြီး သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
မတ် ၆ ရက်ကလည်း ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာအနီး ဘီးလင်း-နတ်ကြီး လမ်းပိုင်းရှိ ပျဉ်သာတံတား မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတစင်းလုံး ပြိုကျခဲ့ပါတယ်။