Home
မြန်မာသတင်း
တရားမဝင်လာသူများကို မှတ်ပုံတင်ပေးရန် အစီအစဉ်မရှိသေး၊ လိမ်လည်မှုများရှိဟု ထိုင်းအလုပ်သမားရုံး သတိပေး  
DVB
·
May 7, 2024
521906-507923-U-Yee-Mon-NUG-Defence-Minister-730x365-1-730x365-15

ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာတဲ့ လူသစ်တွေအတွက် ယာယီနေထိုင်ခွင့်လက် မှတ်လုပ်လို့ရကြောင်း  ကောလာဟလသတင်းတွေထွက်ပေါ်နေပြီး  အစိုးရအနေနဲ့တော့ မှတ်ပုံ တင်ပေးဖို့ အစီအစဉ်မရှိသေးဘဲ လိမ်လည်မှုတွေသတိထားဖို့ ထိုင်းအလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက သတိ‌ပေးလိုက်ပါတယ်။ 

လူသစ်တွေအတွက် လက်မှတ်လုပ်ပေးမယ့်အကြောင်း အလုပ်ရှင်နဲ့ အလုပ်သမားတွေက အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ လူမှုကွန်ရက်ကနေတဆင့်ရော၊ ၁၆၉၄  အရေးပေါ်ဖုန်းလိုင်းကပါ အမြောက်အမြားမေးမြန်းလာကြတယ်၊ ဒါကြောင့်  ထင်ယောင်ထင်မှား ဖြစ်ကြမှာစိုးလို့ ထိုင်းအစိုးရအနေနဲ့  လူသစ်တွေအတွက် မှတ်ပုံတင်ပေးဖို့ အစီအစဉ်မရှိသေးဘူး ဆိုတာ ပြောလိုပါတယ်လို့ ထိုင်းအလုပ်သမားညွှန်ကြား‌ရေးဦးစီးဌာန ညွှန်မှူး နိုင်းဆုမ်ချိုင်း မောလကွတ် ဆီဝမ်းက ဧပြီ ၃၀ မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမား ငှါးရမ်လိုသူ အလုပ်ရှင်တွေအနေနဲ့  နှစ်နိုင်ငံသဘောတူ စာချုပ် (MOU) လမ်းကြောင်းကလာတဲ့ အလုပ်သမားတွေကိုသာ ခန့်ထားဖို့တိုက်တွန်းကြောင်း၊ အလုပ် ရှင်ကိုယ်တိုင် အလုပ်သမားရှာဖွေရေးရုံးမှာ အလုပ်သမားလိုအပ်ကြောင်း လျှောက်ထားနိုင်သလို တရားဝင်ဖွင့်ထားတဲ့ အေဂျင်စီတွေကနေတဆင့်လည်း လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ 

ခွင့်ပြုချက်မရဘဲ အလုပ်ဝင်လုပ်နေတဲ့ တရားမဝင်အလုပ်သမားတွေဟာ ဥပဒေအရ ငွေဒဏ်အနည်းဆုံး ဘတ် ၅,၀၀၀ မှ အများဆုံး ဘတ် ၅၀,၀၀၀ ထိ ပေးဆောင်ရမယ့်အပြင် ပြည်နှင်ဒဏ်ပေးခံရမယ်၊ ထိုင်းမှာအလုပ်လုပ်ခွင့် ၂ နှစ် ပိတ်ပင်ခံရမယ်၊ အလုပ်ရှင်တွေဟာလည်း တရားမဝင်အလုပ်သမား ခန့်ထားတာတွေ့ရှိရင်  အလုပ်သမားတဦးအတွက် ငွေဒဏ် ဘတ် ၁၀,၀၀၀ မှ ၁,၀၀၀,၀၀၀ ထိ ပေးဆောင်ရမှာဖြစ်တယ်၊  ဥပ‌ဒေကို ဆင့်ကဲချိုးဖောက်ပါက ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်အနည်းဆုံး ဘတ် ၅၀,၀၀၀ မှ အများဆုံး ဘတ်  ၂၀၀,၀၀၀ ထိပေးဆောင်ရမှာဖြစ်ပြီး အလုပ်သမားငှါးရမ်းခွင့်  ၃ နှစ်ပိတ်ခံရမယ်လို့ ဆိုပါတယ်။ 

ကောလာဟလသတင်းနဲ့ လိမ်လည်မှုတွေသတိထားပြီး အချက်အလက်တွေ သိလိုပါက ဘန်ကောက် နယ်မြေ ၁၀ ခု၊ ခရိုင်အလုပ်သမားရုံးအသီးသီးနဲ့ အလုပ်သမား အရေးပေါ်လိုင်း  ၁၅၀၆ နဲ့ ၁၆၉၄ တို့ကို ဆက်သွယ်နိုင်တယ်လို့ အလုပ်သမား ညွှန်မှူးက ပြောသွားပါတယ်။ 

အလုပ်သမားကတ် အလိမ်ခံရတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မတ်လကလည်း ပထုန်ဌာ နီခရိုင်မှာ ဆောက်လုပ်ရေးကန်ထရိုက်တာ တဦးမှ ဘတ်ငွေ တသန်းကျော်ဆုံးရှုံးခဲ့တယ်လို့  ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။ 

ကန်ထရိုက်တာ နိုင်းဝိချိုင်း မိန်းထောင်းဟာ သူ့ဆီက မြန်မာအလုပ်သမား ၇၆ ဦးကို  နေထိုင်ခွင့် အလုပ်သမားကတ်လုပ်ပေးဖို့အတွက် ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ပထုန်ဌာနီခရိုင် ခလောင်းလုံမြို့နယ်ရှိ ဆော်ဆေလို့ခေါ်တဲ့ အလုပ်သမားကုမ္ပဏီနဲ့ ဆက်သွယ်ခဲ့တယ်၊ ကုမ္ပဏီက ကတ်လုပ်ခ အလုပ်သမား ၁ ဦးအတွက် ဘတ် ၁၄၀၀၀ ကျသင့်ကြောင်း ပြောလို့ အလုပ်သမား ၇၆ ဦးအတွက် ဘတ်  ၁, ၀၆၄ , ၀၀၀ ဘတ် ပေးဖို့သဘောတူလိုက်ပါတယ်။ ကုမ္ပဏီက ကိုယ်စားလှယ်လွှတ်ပြီး အလုပ်သမားကိုယ်ရေးရာဇဝင်ကောက်ယူကာ လက်ဗွေနှိပ်သွားတယ်၊ ပြီးတော့ စာရွက်စာတမ်းထုတ်ပေးတယ်။ ကျသင့်ငွေတွေလည်း လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မတ်လမှာတော့ ပရောဂျက်တခုပြီးဆုံးသွားလို့ နောက်ထပ်ဆောက်လုပ်ရေး လုပ်ငန်းတခုကို သွားလုပ်ဖို့ရှိတယ်၊ ဥပဒေအရ အလုပ်သမားတွေကို နယ်မြေအလုပ်တည်နေရာ ပြောင်းခွင့်တောင်းပေးရမှာဖြစ်တယ်၊ အလုပ်သမားရုံးမှာ သွားဆက်သွယ်ရာမှာ အဆိုပါအလုပ်သ မား ၇၆ ဦးရဲ့နာမည်တွေဟာ ရုံးမှာစာရင်းရှိမနေဘူးလို့ ဆိုပါတယ်။

ကန်ထရိုက်တာက အဆိုပါ အေဂျင်စီကို ဆက်သွယ်ရာမှာ ဖုန်းမကိုင်တာကြောင့် ကုမ္ပဏီရုံး ခန်းလိုက်သွားတဲ့အခါမှာ လုပ်ငန်းပိတ်သိမ်းသွားတယ်ဆိုတာ သိခဲ့ရတယ်လို့ ဆိုပါတယ်။ 

သူ့အနေနဲ့ တရားမဝင်အလုပ်သမား ငှါးရမ်းထားသလိုဖြစ်သွားတာကြောင့် ကြီးလေးတဲ့ ပြစ်ဒဏ်ကျခံရနိုင်တယ်၊ ဒါပေမဲ့ တပါးသူတွေ သတိထားနိုင်အောင်လို့ မီဒီယာကို ဖွင့်ပြောလိုက် ရတာလို့  နိုင်းဝိချိုင်းက ပြောပါတယ်။ 

အလိမ်ခံရတာကြောင့် ငွေကုန်၊ အချိန်ကုန်ပြီး အလုပ်သမားတွေလည်း အဖမ်းခံရမှာစိုးလို့ ထွက်ပြေးကုန်ပြီ၊ အလုပ်သမားလည်းမရှိတော့ နောက်ပရောဂျက်အတွက် လုပ်ငန်းစဖို့လည်း အခက်အခဲဖြစ်ရတယ်လို့ နိုင်းဝိချိုင်းက သတင်းထောက်ကို ပြောသွားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013