Home
မြန်မာသတင်း
ပြည်ပကို အမျိုးသားအလုပ်သမား  ၅၀ ရာခိုင်နှုန်း ပြန်လည်ပို့ခွင့်ပြု
DVB
·
May 7, 2024
worker 752024

မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို အလုပ်သွားရောက် လုပ်ကိုင်မယ့် အမျိုးသားတွေကို မေ ၁ ရက်ကစပြီး ပိတ်ပင်လိုက်တယ်လို့ စစ်ကောင်စီကပြောဆိုတဲ့သတင်းထွက်ပေါ်ပြီး ၂ ရက်အကြာမှာပဲ ၅၀ ရာခိုင်နှုန်း ပြန်လည်ခွင့်ပြုခဲ့တယ်လို့ အလုပ်သမားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အမျိုးသားအလုပ်သမားတွေကို ပြည်ပပို့ခွင့်လုံးဝ (ယာယီ) ပိတ်ပင်တာက နောက်ဆက်တွဲ ကြီးမားတဲ့ပြဿနာတွေ ရှိနိုင်တဲ့အတွက် စစ်ကောင်စီအနေနဲ့ တရားဝင် စာထုတ်ပြန်တာမျိုးမဟုတ်ဘဲ နှုတ်စကားတွေနဲ့ ပြန်လည်ခွင့်ပြုခဲ့တာလို့ အဆိုပါ နီးစပ်သူက DVB ကို ပြောပါတယ်။

“အခုကတော့ ဘယ်လိုပြန်ဖြစ်သွားပြီလဲဆိုတော့ သူတို့က စာမထုတ်ဘူး ၅၀ ရာခိုင်နှုန်းလောက်ကို ယောကျ်ားလေးတွေကိုခွင့်ပြုတယ် ဖြစ်ပြန်ပြီ။ ယောက်ျားလေး ရထားပြီးသား demand ကို ပြန်ဖျက်ခိုင်းပြီးတော့ မိန်းကလေးပဲ လုပ်ခိုင်းရတော့တာပေါ့။ ဟိုဘက် ဒီဘက်ပြန်ညှိကုန်ရတာပေါ့။ သူဌေးတွေအကုန်လုံးနဲ့။ ကံကောင်းတာက သူတို့ ၂ ရက်လောက်ပဲ ခံပြီး သူတို့က ၅၀ ရာခိုင်နှုန်းတော့ခွင့်ပြုပါမယ်။ ဒါကိုတော့ စာမထွက်နဲ့ ဆိုတော့ လုပ်ပြန်ရော၊ ဥပမာ ယောကျ်ားလေး ၁၀၀ ဆိုရင် ၅၀ တော့ ခွင့်ပြုလိုက်မယ်ပေါ့၊ ပြန်ထွက်လာပြန်တယ် သတင်းက၊ သူတို့ စာမထွက်ဘဲနဲ့ စကားတွေပဲ ပြောနေတာ” လို့ ပြောပါတယ်။

အတည်တကျမဖြစ်တဲ့ အမိန့်ထုတ်ပြန်ချက်တွေနဲ့ အမျိုးမျိုးပြောင်းလဲနေတာက နိုင်ငံခြား အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို အခက်အခဲဖြစ်စေတဲ့အပြင် မြန်မာနိုင်ငံရဲ့ ပြည်ပအလုပ်အကိုင် စေလွှတ်တဲ့ လုပ်သားဈေးကွက်ကြီးတခုလုံးကိုပါ တိုက်ရိုက် ထိခိုက်စေတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတခုက ပြောပါတယ်။

“လုပ်သားဈေးကွက်ကတော့ တိုက်ရိုက်ကို ထိခိုက်သွားတာပေါ့။ ဒီဘက်မှာက ဘယ်လိုပဲ လိုအပ်လိုအပ် ဟိုဘက်မှာက သူတို့ လိုအပ်သလောက် အလုပ်သမားကိုခေါ်တာကိုး။ ခေါ်တဲ့အခါမှာ ယောကျ်ားလေးက ဘယ်နှယောက်လိုတယ်။ မိန်းကလေးက ဘယ်နှယောက်လိုတယ်ဆိုတာ သူတို့က သတ်မှတ်ပြီးသား၊ အဲတာကလည်း မြန်မာကပဲ ဖြစ်ရမယ် ဆိုတာ သတ်မှတ်ပြီးသား။ ဒီဟာတွေကို ပြန်ပြင်ရမှာ ပြန်ပြောင်းရမှာနဲ့က နည်းနည်းတော့ အခက်အခဲတွေဖြစ်ကုန်တယ်။ မြန်မာပြည်က ဒီလိုမျိုး ခဏခဏပြောင်းလိုက် လုပ်လိုက်နဲ့။ နယ်စပ်က မရဘူး၊ အခု လေယာဉ်နဲ့။ အဲလိုပတ်လည်ရိုက်နေရင် ဒီဈေးကွက်အကုန်လုံး ပြတ်ထွက်သွားမှာ။ ပြတ်ထွက်သွားရင်ထားပါတော့ ထိုင်းဆို ကမ္ဘောဒီးယားနဲ့ လာအိုပဲ ပိုခေါ်တော့မယ်။ မလေးရှားကတော့ လောလောဆယ် အကုန်ပိတ်ထားတာဆိုတော့ ပိတ်ထားတယ်ပေါ့။ ဂျပန်ကလည်း ပြဿနာပေါင်းစုံတက်နေပြီ။ ဟိုပြေးလိုက်ဒီပြေးလိုက်နဲ့ ဖြစ်နေတာ အခု ဒါမျိုးတွေထပ်တပ်နေပြန်ပြီ။ ဒီနိုင်ငံရေးမတည်မငြိမ်နဲ့ လုပ်ပုံကိုင်ပုံတွေက stable မဖြစ်တဲ့ ကိစ္စတွေ မှန်သမျှဟာ ဘယ်သူ့ကိုလာထိလဲဆိုတော့ မြန်မာဆိုတဲ့ image ကြီး တခုလုံးကို ထိတာ မြန်မာဆိုတဲ့ market ကြီးကို ထိတာ။” 

ပြည်သူလူထုအနေနဲ့ကတော့ စစ်ကောင်စီရဲ့ အတင်းအကျပ် စစ်မှုထမ်းစေခိုင်းတဲ့ကိစ္စကို ရှောင်းတိမ်းဖို့ ရရာနည်းလမ်းတွေနဲ့ ပြည်ပကို ရှောင်တိမ်းထွက်ခွာကြမှာဖြစ်တဲ့အတွက် တရားဝင် လမ်းကြောင်းကို ပိတ်ပင်လိုက်တာက တရားမဝင်လမ်းကြောင်းကနေ သွားရောက်ဖို့ နည်းလမ်းကို တွန်းပို့သလိုဖြစ်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက မှတ်ချက်ပြုပါတယ်။

၂၀၂၄ ခုနှစ် မေ ၁ ရက်ကစပြီး အလုပ်ခေါ်စာအသစ် (demand) တင်မယ့် အလုပ်အကိုင်တွေအတွက် ဘယ်နိုင်ငံကိုမဆို အမျိုးသားအလုပ်သမားတွေပို့ခွင့်ကို လုံးဝ (ယာယီ) ပိတ်ခဲ့တာဖြစ်ပြီး ဘယ်ချိန်မှာ ပြန်လည်ဖွင့်ပေးမှာ မသိရဘူးလို့ စစ်ကောင်စီ အလုပ်သမားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်က မီဒီယာတွေကို တရားဝင်ဖြေကြားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013