Home
ငြိမ်းချမ်းရေး/စစ်ရေး
ဧရာဝတီတိုင်း၌  Mytel တာဝါတိုင်ဖျက်ဆီးမှုဖြင့် လူ ၅၀ ကျော်ကို ဖမ်းဆီး၊ ကံမ ဒေသခံ ၁၆ ဦးကို PDF ထောက်ပံ့မှုဖြင့် ဖမ်းဆီး
DVB
·
May 7, 2024
Kan 752024
Kan 1 752024

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၄ လအတွင်း Mytel တာဝါတိုင်တွေ မိုင်းခွဲဖျက်ဆီးခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံ အယောက် ၅၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ ဧပြီ ၃၀ ရက်အထိ ၄ လတာကာလအတွင်း Mytel တာဝါတိုင်တွေ မိုင်ခွဲဖျက်ဆီးခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးခံရသူ အယောက် ၅၀ ကျော်အထိ ရှိခဲ့ပြီး အဲဒီဖမ်းဆီးခံရသူတွေထဲက တချို့ကို အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “အဖမ်းခံရသူတွေမှာ အမျိုးသမီးတွေလည်း ပါတယ်။ ၄ လအတွင်း အဖမ်းခံရတာပေါ့နော်၊ အခုထက်လည်း များချင်များမှာပေါ့။ လူငယ်တွေ အဖမ်းခံရတဲ့အထဲ အများဆုံးပါတယ်။ တချို့ကို အမှုဖွင့် စစ်ဆေးနေပြီး တချို့ကိုတော့ တရားစွဲဆိုထားတယ်လို့ သိရတယ်။ အတတ်နိုင်ဆုံးတော့ ဥပဒေနဲ့အညီ ခုခံချေပခွင့်ရဖို့ ဆောင်ရွက်နေတယ်လို့ သိရတယ်။ ဒီစာရင်း ဒီထက်လည်း အဖမ်းခံရသူ ပိုရှိကောင်းရှိလိမ့်မယ်” လို့ ပြောပါတယ်။

အဲဒီအဖမ်းခံရသူတွေထဲမှာ အသက် ၂၀ ကျော်အရွယ် လူငယ်တွေ အများဆုံးပါဝင်ပြီး အမျိုးသား ၃၇ ယောက်နဲ့ အမျိုးသမီး ၁၄ ယောက်ဖြစ်ကာ ရောဂါအခံရှိပြီး ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြနေရတဲ့ အမျိုးသမီးတွေလည်း ပါတယ်လို့ ဆိုပါတယ်။

ကျိုက်လတ်မြို့နယ်က အဖမ်းခံရသူတွေရဲ့ မိသားစုဝင်တဦးက “ကလေးတွေအတွက် စိုးရိမ်တယ်၊ စွပ်စွဲအဖမ်းခံထားရတာပါ။ အခုဖမ်းခံရတဲ့အထဲ ကျန်းမာရေးမကောင်းတဲ့ ကလေးတွေပါလို့လေ။ အမှုဖွင့် အရေးယူ စစ်ဆေးနေတယ်လို့ပဲ ကြားတာ။ ဘယ်လိုပုဒ်မနဲ့ အမှုဖွင့်တာလည်း အရေးယူ စစ်ဆေးနေတာလဲ မသိရသေးဘူး။ တချို့မိသားစုတွေဆို ဒီကနေ့အထိ သူ့တို့ရဲ့ အဖမ်းခံရတဲ့ ကလေးတွေနဲ့ တွေ့ခွင့်မရသေးဘူး” လို့ ပြောပါတယ်။

အဲဒီ ဖမ်းဆီးခံရသူတွေကို ရဲစခန်း အချုပ်ခန်းတွေနဲ့ တပ်စခန်းတွေမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ပုသိမ်၊ ဟင်္သာတ၊ ကျိုက်လတ်၊ မအူပင်၊ ဘိုကလေး၊ ဖျာပုံ၊ မြောင်းမြ၊ ဝါးခယ်မ စတဲ့မြို့နယ်တွေက အများဆုံး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ကံမမြို့နယ်မှာလည်း ညောင်ကိုင်းကျေးရွာက အမျိုးသား ၃ ဦးနဲ့ သစ်မယ်ဇီကျေးရွာက ဒေသခံ ၁၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၅ ရက် ည ၁၀ နာရီမှာ ညောင်ကိုင်းရွာက အသက် ၂၀ ဝန်းကျင်အရွယ် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား ၂ ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတဦးကို PDF ထောက်ပံ့တယ် ဆိုပြီး နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ကံမမြို့နယ် သစ်မယ်ဇီကျေးရွာမှာလည်း ဘုန်းကြီးကျောင်းဝန်းအတွင်းမှာ ညဘက် ပန်းရံလုပ်နေတဲ့ အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကံမဒေသခံတဦးက “၅ ရက်နေ့ ၁၀ နာရီလောက်တုန်းက ဖမ်းတဲ့ ညောင်ကိုင်းက ချင်း ၃ ယောက်ကိုကျတော့ ၆ ရက် မနက် ၈ နာရီလောက်မှာ သရက်ခရိုင်ရဲစခန်းကို ပို့လိုက်ပြီတဲ့။ ဘုန်းကြီးကျောင်းထဲမှာ နေ့ဘက် နေပူလို့ ညဘက်ပန်းရံလုပ်နေတဲ့ လူ ၁၃ ယောက်ကိုကျတော့ ကံမမြို့မရဲစခန်းမှာပဲ ဖမ်းထားတယ်။ ပန်းရံသမားတွေကို ဘာကြောင့် ဖမ်းသလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ကံမမြို့နယ်ထဲက ကုန်ကား၊ အိမ်စီးကား၊ Faw ကား၊ ၃ ဘီးကား ပိုင်ဆိုင်သူတွေကို မေ ၅ ရက် မနက်ပိုင်းက မြို့နယ်ခန်းမမှာ အစည်းအဝေးပြုလုပ်ပြီး ကားတစီး ငွေကျပ် ၅ သိန်းနှုန်းနဲ့ တပ်အတွက် ကုန်ကားဝယ်ယူဖို့ အလှူငွေကောက်ခံတယ်လို့လည်း ကံမမြို့ခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ ပြည်သူလူထုတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးပြီး စွပ်စွဲချက်အမျိုးမျိုးနဲ့ ထောင်ဒဏ်တွေချမှတ်နေတာရှိသလို ငွေညှစ်ပြီး ပြန်လွှတ်ပေးတာတွေလည်း ရှိနေပါတယ်။ 

Photo - တော်ဝင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013