Home
နိုင်ငံတကာ
အစ္စရေးက ရာဖာမြို့ကို လေကြောင်းတိုက်ခိုက်၊ ကလေး ၈ ဦးအပါအဝင် ၂၂ ဦးသေဆုံး
DVB
·
May 6, 2024
IsraelAirStrikeRafa_06052024

ဂါဇာနဲ့ အီဂျစ် နယ်စပ်နားက ရာဖာမြို့ကို အစ္စရေးက မေ ၅ ရက် ညမှာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေး ၈ ဦး အပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီနောက် အစ္စရေးစစ်တပ်က ပါလက်စတိုင်းတွေကို ရာဖာမြို့အရှေ့ပိုင်းကနေ ပြောင်းရွှေ့ဖို့ အမိန့်ပေးထားပြီး ဂါဇာတောင်ပိုင်းမှာ အင်အားအများအပြားသုံးတော့မယ်လို့ သတိပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းမှာ ဟားမတ်စ်တို့က ခါရင်းမ် အဘူ ဆာလမ် နယ်စပ်ဖြတ်ကူးရေးစခန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ အစ္စရေးစစ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။

အီဂျစ်မြို့တော် ကိုင်ရိုမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ရပ်သွားပြီး အစ္စရေး အစိုးရအဖွဲ့က နိုင်ငံတွင်း အယ်လ်ဂျာဇီးရား သတင်းဌာနရဲ့ လုပ်ငန်းတွေကို ပိတ်ပစ်ဖို့ တညီတညွတ်တည်း မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

ဟားမတ်စ်အကြီးအကဲ အစ္စမေး ဟာနီယာက သူတို့ဟာ ဂါဇာမှာ အစ္စရေးရဲ့ ရန်လိုမှုတွေကို အဆုံးသတ်စေမယ့် ကျယ်ကျယ်ပြန့်ပြန့် အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောပါတယ်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ပြန်စတင်မယ့် သံတမန်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ဖြိုခွင်းတဲ့အတွက် နေတန်ယာဟုကို သူက အပြစ်တင်ခဲ့ပါတယ်။

အစ္စရေးက ရာဖာကို မြေပြင်ကျူးကျော်တာ မလုပ်ဖို့ အမေရိကန်ဆီက အာမခံချက် လိုချင်တယ်လို့ ပါလက်စတိုင်းအဖွဲ့က ပြောထားပါတယ်။

ကိုင်ရိုဆီ ကိုယ်စားလှယ်အဖွဲ့ မစေလွှတ်ရသေးတဲ့ အစ္စရေးက တာဝန်ရှိသူ တယောက်ကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တိုက်ခိုက်မှုက ဖြစ်လာမှာပဲလို့ အခိုင်အမာ ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ နေတန်ယာဟုက အပစ်အခတ်ရပ်စဲရေး သဘောတူပြီး ဂါဇာမှာ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို ပြန်ခေါ်ပေးဖို့ အစ္စရေးအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက တောင်းဆိုနေပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အောက်တိုဘာ ၇ ရက်ကစပြီး အစ္စရေးက တိုက်ခိုက်ခဲ့လို့ ပါလက်စတိုင်း ၃၄,၆၈၃ ဦးထက်မနည်း သေဆုံးပြီး ၇၈,၀၁၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ သေဆုံးသူ ၁,၁၃၉ ဦးအထိ ရှိလာခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ လူတွေကို ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013