Home
မြန်မာသတင်း
ထောင်တွင်းဆေးဝါး မလုံလောက်သဖြင့် နိုင်ကျဉ်း ၂၄ ဦး သေဆုံး
DVB
·
May 6, 2024
ThaRat-Prison_17042024

မြန်မာပြည်တွင်း အကျဉ်းထောင်တွေထဲမှာ ဆေးဝါး မလုံလောက်လို့ တနှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေးအကျဉ်းသူ/သား ၂၄ ယောက် သေဆုံးခဲ့ပြီး လူ့အခွင့်အရေး အဖွဲ့တွေအနေနဲ့ အကျဉ်းထောင်တွေထဲ ဝင်ကြည့်သင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီနေတဲ့အဖွဲ့တွေက ပြောပါတယ်။

နိုင်ငံတဝန်းအကျဉ်းထောင်တွေထဲ လုံလောက်တဲ့ ဆေးဝါးမရရှိတာနဲ့ အရေးပေါ်လူနာတွေကို အချိန်နဲ့တပြေးညီ ဆေးကုသခွင့်မပေးတာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၃ ဇန်နဝါရီကနေ ၂၀၂၄ မေ ၁ ရက်အထိ ၁၇ လအတွင်းမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ/သား ၂၄ ယောက် ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် (PPNM) က နေသိရပါတယ်။

အကျဉ်းထောင်တွေထဲ ဆေးဝါးမလုံလောက်လို့ သေဆုံးရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေကို သိရှိစေဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အကျဉ်းထောင်တွေထဲ ဝင်ခွင့်ပေးဖို့  PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“၂၄ ဦးလုံးရဲ့ ဒေတာတွေကိုတော့ ကျနော်တို့ ကောက်ယူထားတယ်။ ကောက်ယူထားနိုင်တဲ့ ဒေတာအပေါ်မှာပဲ အခြေခံပြီး ထုတ်ပြန်တာဖြစ်တဲ့အတွက် မြေပြင်မှာတော့ အခုထက်များနိုင်တဲ့ အရေအတွက် ရှိနိုင်တယ်။ ဒါကတော့ အနည်းဆုံးပါပမာဏ ဖြစ်ပါတယ်။ ထောင်ဆေးရုံမှာ ဆေးဝါးလုံလောက်မှု မရှိဘူးဆိုတာ လွတ်မြောက်လာတဲ့ အကျဉ်းသားအားလုံး နိုင်ငံရေးအကျဉ်းသားအားလုံး သိကြတယ်။ အဲလိုပဲ အကျဉ်းထောင်ထဲမှာ ဘယ်လိုရောဂါပဲ ဖြစ်ဖြစ် ချက်ချင်းပေးနိုင်တဲ့ ဆေးဝါး လုံလုံလောက်လောက် မရှိဘူး။ ကျနော်တို့ ပြောချင်တာက ICRC တို့အနေနဲ့ နံပါတ်တစ် အကျဉ်းထောင်ထဲ ဝင်ရဖို့၊ ဝင်ရောက်ပြီး ကျနော်တို့ပြောနေတာ မှန်လား မမှန်ဘူးလားဆိုတာကို မြင်ရမှာဖြစ်တယ်၊ စစ်ကောင်စီ ပြောနေတဲ့ အကျဉ်းထောင်ထဲ လုံလောက်သော ဆေးဝါးစောင့်ရှောက်မှုပေးတယ်၊ ညှဉ်းပန်းမှုဖိနှိပ်မှုမရှိပါဘူး ဆိုရင် သူတို့ကို သေချာဝင်ခွင့်ပြုရမှာ ဖြစ်တယ်။”

လတ်တလောပူပြင်းတဲ့ ရာသီဥတုကြောင့် ထောင်တွင်းမှာ ယားနာတွေ၊ သောက်သုံးရေ မလုံလောက်တာကြောင့် ရေဓာတ်ခန်းခြောက်တာတွေနဲ့ သွေးတိုးကြောင့် မူးလဲတဲ့ လူနာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အခုလို အခြေအနေတွေကြောင့် ထောင်တွင်းကို နိုင်ငံခြားဆေးဝါးပို့ခွင့်နဲ့ မိသားစုက ပို့တဲ့ဆေးတွေ အမြန်ဆုံး အထဲသွင်းခွင့်ရဖို့တွေက အရေးကြီးတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းထောင်တွင်းမှာရှိတဲ့ အကျဉ်းသားအားလုံးရဲ့ ကျန်းမာရေးကို အဖွဲ့အစည်းအားလုံးက သတိထား ဂရုစိုက်ပေးကြဖို့ကို နိုင်ငံရေးအကျဉ်းသူများအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက  တိုက်တွန်းပါတယ်။

“ထောင်ထဲမှာ လတ်တလော အဆိုးဝါးဆုံးဖြစ်နေတဲ့ ဆေးဝါးမလုံလောက်မှုကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း တွန်းအားပေးဖို့လိုတယ်။ အထဲမှာ နာတာရှည်ဖြစ်တဲ့ ရောဂါသည်တို့ နာတာရှည်မဟုတ်တဲ့ ယားနာတို့လိုတွေ၊ နောက် စိတ်ဖိစီးမှုတွေကြောင့် ဖြစ်လာတဲ့ ‌ရောဂါပေါင်းစုံ ရှိတယ်။ ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် မကုသနိုင်တဲ့အပြင် တဖက်မှာလည်း ဆေးဝါးလုံလောက်မှု မရှိဘူးဆိုတော့ အဲဒီအနေအထားက အဆိုးဝါးဆုံးပဲ၊ စစ်ကောင်စီ အနေနဲ့လည်း ကြိုးစားပေးဖို့ လိုသလို တဖက်က လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ အားလုံးကလည်း ထောင်ထဲမှာ ဆေးဝါး လုံလုံလောက်လောက်ပေးဖို့ တိုက်တွန်းဖို့ လိုတယ်လို့တော့ ကျမတို့ မြင်တယ်။”

အကျဉ်းထောင်အာဏာပိုင်တွေအနေနဲ့ မိသားစုဝင်တွေပေးပို့တဲ့ နိုင်ငံခြားဆေးဝါးတွေကို အပြည့်အဝ လက်ခံဖို့၊ အကျဉ်းထောင်တွင်း လုံလောက်တဲ့ဆေးဝါးထားရှိဖို့ ထောင်တွင်း မကျန်းမာတဲ့ လူနာတွေကိုလည်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့နဲ့ အရေးကြီးလူနာတွေကို ထောင်ပြင်ပ ဆေးရုံတွေကို အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးဖို့ စတဲ့ အချက် ၄ ချက်ကို PPNM က ဦးဆောင်ပြီး “အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး” ဆိုတဲ့ လူထုလှုပ်ရှားမှုတခု ပြုလုပ်ကာ တောင်းဆိုဆန္ဒပြနေကြပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013