စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းဆောင်ဖို့ အမျိုးသား အယောက် ၈၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ရေဦးဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၂၉ ရက်ကနေ ေမ ၆ ရက် မနက်ပိုင်းအထိ ဖမ်းဆီးခံထားရသူ ၈၀ ကျော်ရှိပြီး ရေဦး အထက်တန်းကျောင်းဝင်းထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ရေဦးမြို့ပေါ်က အောင်မင်္ဂလာ၊ အောင်ချမ်းသာ၊ ရွှေပြည်သာ၊ ဗိုလ်အောင်ဇေယျ၊ အောင်ဆန်း စတဲ့ရပ်ကွက်တွေနဲ့ ရေဦးကုန်းရွာက အမျိုးသားတွေကို အဓိကထား ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
ရေဦးမြို့နယ်အခြေပြု People's Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က “လက်ရှိတော့ ရေဦး အ.ထ.က ကျောင်းဆောင် အဟောင်းထဲမှာ ထားထားတယ်။ အယောက် ၁၀၀ လောက်ရမှပဲ မုံရွာနမခက သင်တန်းကျောင်းကို ပို့မယ်လို့ ကြားတယ်။ အခုထိတော့ သူတို့ ၈၀ ကျော်လောက် ရထားပြီးပြီ။ အခု စစ်မှုထမ်းဖို့ လူငယ်တွေကို လိုက်ပြီး ပေါ်တာဆွဲနေတာက ပြည်ထဲရေးက ဖမ်းခိုင်းတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသားတွေဟာ အသက် ၁၉ နှစ်ကနေ ၄၀ အကြား အမျိုးသားတွေဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ မြို့ထဲ ကင်းပတ်ရင်း နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ကိုထူးခန့်ဇော်က “ဒီရက်ပိုင်းလေးမှာပဲ ပေါ်တာဆွဲတာကို တအားလုပ်လာတော့ ပြည်သူတွေကလည်း မြို့ပေါ်လည်း မထွက်ရဲကြတော့ဘူး။ မြို့ကိုစွန့်ခွာပြီး ရေဦးနဲ့ အနီးက ကျေးရွာတွေဘက်ကို ရှောင်လာသူတွေလည်း တနေ့ထက်တနေ့ ပိုများလာတယ်။ မြို့ထဲက လူတွေကလည်း အပြင်မထွက်ရဲကြသလို ရွာကလူတွေကလည်း မြို့ထဲ ဈေးဝယ်စားတာတွေ ဘာတွေ မသွားရဲကြတော့ဘူး။ မြို့ကတော့ မြို့ပျက်ကြီးလို ဖြစ်နေတယ်” လို့ ဆက်ပြောပါတယ်။
လက်ရှိမှာ ရေဦးမြို့ခံတွေဟာ အနီးဝန်းကျင်ကျေးရွာတွေကို မိသားစုလိုက် ပြောင်းရွှေ့သွားကြသူတွေ ရှိသလို စစ်မှုထမ်းဆောင်ဖို့ အမည်စာရင်းပါတဲ့ အမျိုးသားတွေကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ် ဝင်ရောက်သွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။