Home
မြန်မာသတင်း
သက်တမ်းတိုးခွင့်ရ ကြားကာလ ပြည်သူ့ပညာရေးကျောင်း ၅၅ ကျောင်းစာရင်း NUG ထုတ်ပြန်
DVB
·
May 6, 2024
NUG EduMOD_06052024

ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းတွေအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့်ရတဲ့ ကျောင်း ၅၅ ကျောင်းစာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အခုလ မေ ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ကြားကာလမှာ ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ဖို့အတွက် မြေပြင် ပြည်သူ့ပညာရေးကျောင်းတွေ၊ အွန်လိုင်းကျောင်းတွေနဲ့ ဆက်သွယ်ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

NUG အစိုးရ ပညာရေးဝန်ကြီးဌာနဆီ အသိအမှတ်ပြု သက်တမ်းတိုးဖို့ လျှောက်လွှာ တင်ထားတဲ့ ကျောင်းတွေကို ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာနက ကျောင်းရဲ့ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို လေ့လာဆန်းစစ်အကဲ ဖြတ်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာနရဲ့ သဘောထားမှတ်ချက်အရ အဆိုပါကျောင်း ၅၅ ကျောင်းဟာ ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြုမူဝါဒ ၁၁ ချက်နဲ့ Information and Technology Security Guidelines တွေကို လိုက်နာဆောင်ရွက်ပါမယ်လို့ ဝန်ခံ ကတိပြုထားတဲ့အပေါ် ကျေနပ်ဖွယ်ရာ ဆောင်ရွက်ထားကြတာကိုတွေ့ရှိရတဲ့အတွက် “ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်း” အဖြစ် အသိအမှတ်ပြု သက်တမ်း တိုးပေးလိုက်တာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် CDM ဆရာ၊ ဆရာမတွေ ဦးဆောင်တဲ့ အွန်လိုင်း ကြားကာလ အခြေခံပြည်သူ့ပညာရေးကျောင်းပေါင်းများစွာ ပေါ်ပေါက်လာနေပြီး လွတ်မြောက်နယ်မြေတွေ၊ စစ်ကိုင်းနဲ့ မကွေးနယ်မြေတွေမှာတော့ မြေပြင်မှာ ဖွင့်လှစ်သင်ကြားနေတဲ့ ကျောင်းတွေ အများအပြားရှိနေတယ်လို့ NUG ပညာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် NUG အစိုးရဟာ အဆင့်မြင့်ပညာကဏ္ဍက ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာရေးအစီအစဉ်တခုဖြစ်တဲ့ မြန်မာ့နွေဦးတက္ကသိုလ်၊ Myanmar Nway-Oo University (MNOU) ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလဆန်းမှာ ဖွင့်လှစ်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၃ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှု တွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်တပ်ကတော့ တိုင်းပြည်အေးချမ်းတည်ငြိမ်နေတာကို ပြသချင်တာကြောင့် ပညာရေးနဲ့ပတ်သက်ပြီး တက္ကသိုလ် မဟာဘွဲ့သင်တန်းတွေကစပြီး ဖွင့်လှစ်ခဲ့ကာ အခုနောက်ပိုင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြီးတဲ့နောက်မှာတော့ တက္ကသိုလ်နဲ့ကောလိပ် သင်တန်းတွေနဲ့ အဝေးသင်သင်တန်းတွေ အားလုံးကိုဖွင့်လှစ်ဖို့ လုပ်ဆောင်နေပါတယ်။

NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတော့ စစ်ကောင်စီဟာ ပညာရေးကို လက်နက်လိုသုံးပြီး မြန်မာပြည်သူတွေ ဒုက္ခရောက်အောင် ပြုလုပ်နေတဲ့ နည်းတမျိုးဖြစ်တာကြောင့် စစ်ကောင်စီက ကျင်းပတဲ့ စာမေးပွဲတွေမှာ ဝင်ရောက်ဖြေဆိုသူတွေဟာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံပံ့ပိုးတဲ့သူ ဖြစ်တဲ့အတွက် ပြည်သူ့တော်လှန်ရေးနဲ့ အနာဂတ်နိုင်ငံတော်ကို သစ္စာဖောက်တဲ့သူတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013