Home
မြန်မာသတင်း
ကျောက်တော်တွင် လေကြောင်းဗုံးကြဲမှုကြောင့် ၄ ဦး သေဆုံး၊ ကျင်ဒွေးမြို့ပြင်၌ တိုက်ပွဲဖြစ်နေ 
DVB
·
May 6, 2024
SAC Airsrike_06052024
KyawTaw Airsrike_06052024
KyinDway_0605024

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာကို မေ ၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ၄ ဦး သေဆုံးကာ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

သေဆုံးသွားသူတွေထဲမှာ ရဟန်းတပါး ပါဝင်ပြီး နောက်ထပ် အမျိုးသား ၂ ဦးနဲ့ သက်ကြီးအရွယ် အမျိုးသမီးတဦးလည်း ပါဝင်ပါတယ်။

ကျေးရွာသားတဦးက “စစ်ကောင်စီက လေကြောင်းကနေ ဂျက်တိုက်လေယာဥ်နဲ့ နှစ်ကြိမ်လာပြီး ဗုံးကြဲသွားတာ။ ပထမတကြိမ်မှာ ​တအိမ်တည်းက ၃ ဦးသေသွားပြီးတော့ နောက်တကြိမ်မှာ ရဟန်တပါး ပျံလွန်တော်မူသွားတာဖြစ်တယ်။ ထိခိုက်သွားတာလည်း ၃ ဦးရှိတယ်။ ဆေးရုံကို အရေးပေါ် ပို့ထားရတယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူတွေမှာ ဦးနီထွန်းဦး (၆၈ နှစ်)၊ ဦးမောင်ဟန် (၃၃ နှစ်)၊ ဒေါ်မဒွေး (၈၀ ကျော်) နဲ့ ရဟန်းတပါးတို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသွားသူတွေမှာ ဒေါ်နုနုရီ (၅၀ နှစ်) နဲ့ ဒေါ်စောမေသိန်း (၃၀ နှစ်) တို့ ဖြစ်ကြပါတယ်။

စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဥ်ဟာ မနက် ၈ နာရီခွဲမှာ တကြိမ်နဲ့ ၉ နာရီခွဲမှာ တကြိမ် လာပြီးတော့ ဘုန်းတော်ကြီးကျောင်းနဲ့ ကျောင်းအနီးအနားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အလယ်ကျွန်ကျေးရွာကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကလည်း စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတဦးနဲ့ ကလေးတဦး သေဆုံးခဲ့ဖူးပါတယ်။

မေ ၄ ရက်ကလည်း အမ်းမြို့နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရခိုင်မှာ AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေနဲ့ စစ်ရေးပြင်းထန်နေတဲ့ မြို့နယ်တွေကို စစ်ကောင်စီက နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း မြင့်တက်လာနေပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ မြို့ပြင်မှာ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ကန်ပက်လက် ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၉ ရက် မနက်မှာ ကျင်းဒွေးမြို့က စစ်ကောင်စီစခန်း အလုံးစုံအား သိမ်းပိုက်ပြီးနောက် ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

လေကြောင်းကနေ စစ်ကူလာချတဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀၀ ကျော်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ မေ ၁ ရက် ညနေပိုင်းမှာ ကျင်ဒွေးမြို့နဲ့ ၄ မိုင်လောက်ဝေးတဲ့ တောတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

CDF ကန်ပက်လက်နဲ့ နီးစပ်သူတဦးက “ကျင်ဒွေးက မြို့တွင်းကတော့ အကုန်လုံး ကျနော်တို့ရပြီးပြီ။ အခုလောလောဆယ် ဝေဟင်နဲ့လာချတဲ့သူတွေက တောတွင်းမှာ ရှိနေတယ်လေ၊ သူတို့နဲ့ တိုက်ပွဲဆက်ဖြစ်နေတယ်၊ မြို့ပြင်ပေါ့၊ မြို့နဲ့ ၄၊ ၅ မိုင်လောက် ဝေးတဲ့နေရာ၊ လောင်းရှည်ဘက်ကနေ စစ်ကောင်စီဘက်က စစ်ကူပို့မယ်လို့တော့ သတင်းကြားတယ်။ လာတော့မလာသေးဘူး၊ လေယာဉ်ကတော့ တောက်လျှောက်ပစ်နေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် နယ်မြေရှင်းလင်းရေး မလုပ်ဆောင်နိုင်သေးလို့ စစ်ဘေးရှောင် ပြည်သူတွေ ကျင်ဒွေးမြို့တွင်း ပြန်မဝင်နိုင်သေးပါဘူး။

စစ်ဘေးရှောင်အကူအညီပေးနေသူက “ပြန်ဝင်လို့ကတော့ လောလောဆယ် မိုင်းရှင်းလင်းတွေ မလုပ်ရသေးတော့ ပြန်ဝင်လို့ မရလောက်သေးဘူး။ ပြန်ဝင်ခွင့်လည်း ပြုမှာမဟုတ်ဘူး။ ကျင်ဒွေးက မိုင်းတွေ၊ အန္တရာယ်ရှိနေတဲ့ ပစ္စည်းတွေရှိတော့ ဝင်လို့မရသေးဘူး” လို့ ပြောပါတယ်။

ကျင်ဒွေးမြို့ခံပြည်သူ ၃,၅၀၀ ကျော်ဟာ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားတဲ့ ဒီဇင်ဘာ ၂၂ ရက်ကတည်းက စစ်ဘေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013