Home
မြန်မာသတင်း
မွန်ပြည်နယ်၌ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုအကြိမ် ၁၀၀ ခန့်ကျူးလွန်၊ ၂၁ ဦးကို သတ်ဖြတ်
DVB
·
May 6, 2024
default

မွန်ပြည်နယ်မှာ မတ်လနဲ့ ဧပြီ ၂ လအတွင်း စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှု ၉၉ ကြိမ် ကျူးလွန်ခဲ့ပြီး အရပ်သားပြည်သူ ၂၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ရာမညဖက်ဒရယ်အင်အားစု (NRFF) က ပြောပါတယ်။

မွန်ပြည်နယ်မှာ မတ်လအတွင်း စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၁၆ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကာ ဖမ်းဆီးခံရသူ ၁၇ ဦး ရှိခဲ့တဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၅၆ ကြိမ် ရှိခဲ့ပါတယ်။

ဧပြီလအတွင်းမှာတော့ စစ်ကောင်စီကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံး၊ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကာ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှု ၄၃ ကြိမ် ရှိခဲ့ပါတယ်။

မတ်နဲ့ ဧပြီလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ အများဆုံးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးမြို့နယ်မှာ ကျိုက်မရောမြို့နယ် ဖြစ်တယ်လို့ ရာမညဖက်ဒရယ်အင်အားစု (NRFF) တာဝန်ခံ ကိုမင်းသံလွင်က ပြောပါတယ်။

“သေဆုံးမှုအများဆုံးကတော့ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ မြေမြှုပ်မိုင်း၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖမ်းဆီးပြီး သတ်ဖြတ်တာတွေပေါ့။ ဖမ်းဆီးခံရသူတွေကတော့ တော်လှန်ရေးအင်အားစုနဲ့ ပတ်သက်တာနဲ့ တော်လှန်ရေးအင်အားစု အဖွဲ့အစည်းထဲကဆိုပြီး စွပ်စွဲပြီး ဖမ်းဆီးခံရတာ။ အကုန်လုံးထဲမှာ အများဆုံးမြို့နယ်ကတော့ လက်ရှိ တိုက်ပွဲအပြင်းထန်ဆုံးမြို့ဖြစ်တဲ့ ကျိုက်မရောမှာပါ။”

မွန်လူမျိုးစုတွေ အများစုနေထိုင်တဲ့ ကျိုက်မရောမြို့နယ်ကို စစ်ကောင်စီက ပြင်းပြင်းထန်ထန် လူ့အခွင့်အရေး ချိုးဖောက်တာတွေ လုပ်ဆောင်နေတာဟာ မွန်ပြည်သူလူထုတွေ မွန်တော်လှန်ရေးအင်အားစုတွေကို အားပေးထောက်ခံမှု လျော့နည်းအောင်၊ ကြောက်ရွံ့စိုးရိမ်မှုတွေရှိအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ‌ဆိုပါတယ်။

စစ်ကောင်စီက ကျိုက်မရောမြို့နယ် အပါအဝင် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ ၂ လအတွင်း ရေတပ်၊ မြေပြင်မှ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းကလည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံးသလို နေအိမ် ၅၀၀ လောက် မီးလောင်ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013