မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ဇွန် ၇ ရက် မနေ့ မွန်းလွဲပိုင်းက ဘိလပ်မြေတင်လာတဲ့ တွဲသင်္ဘောတစင်း တံတားတိုင်နဲ့ တိုက်မိလို့ ရေဝင်နစ်မြုပ်ခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
ထောင်ရှာပင်ကျေးရွာအနီး၊ ဧရာဝတီတံတား တိုင်အမှတ် ၁၇/၁၈ ကြားမှာ မနေ့က မွန်းလွဲ ၂ နာရီက ဘိလပ်မြေအိတ်တွေ တင်ဆောင်လာတဲ့ CP တွဲသင်္ဘောဟာ တံတားတိုင်ကို ပွတ်တိုက်မိရာက ဝမ်းဗိုက်ပေါက်ပြီး နစ်မြုပ်ခဲ့တယ်လို့ မင်းဘူးမြို့နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“သင်္ဘောက တံတားတိုင်နဲ့ပွတ်တိုက်ပြီး မြုပ်တာပါ။ မန္တလေးကနေ ပန်းတနော်ကို ပြန်တဲ့သင်္ဘောပါ။ သင်္ဘောပေါ်က လူတွေအားလုံးကိုတော့ ဘေးလွတ်ရာ ကယ်တင်နိုင်ခဲ့ပါတယ်။ ဆုံးရှုံးမှုက ဘိလပ်မြေအိတ် ၅၁,၀၀၀ တင်လာတာဆိုတော့ တအိတ်ကို ၁၀,၀၀၀ ကျပ်နဲ့တွက်ရင်တောင် ကျပ်သိန်းပေါင်း ၅၁၀ လောက် ဆုံးရှုံးသွားတာပေါ့” လို့ ပြောပါတယ်။
ဝမ်းဗိုက်ပေါက်ပြီး နစ်မြုပ်ခဲ့တဲ့ CP တွဲသင်္ဘောကို မင်းဘူးမြို့နယ်မီးသတ်စခန်းက မီးသတ်စက်ယာဉ်တစီး၊ အုပ်ချုပ်မှုယာဉ်တစီးနဲ့ ရှာဖွေကယ်ဆယ်ခဲ့ရာ မနေ့က ညနေ ၅ နာရီ ၅၀ မိနစ်မှာ သင်္ဘောပေါ်လိုက်ပါလာသူတွေအားလုံး ဘေးကင်းစွာကယ်တင်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ပုလဲလမ်း၊ လှိုင်မြစ်ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ သုံးထပ်ကုန်တင်သင်္ဘောတစင်း မီးလောင်ခဲ့လို့ အမျိုးသား ၂ ယောက် သေဆုံးခဲ့ပြီး အမျိုးသား ၃ ယောက်လည်း မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း သိရပါတယ်။