Home
နိုင်ငံတကာ
“ကမ္ဘာထွက်” ဓာတ်ပုံ ရိုက်ကူးခဲ့သူ အပိုလို-၈ အာကာသယာဉ်မှူး ကွယ်လွန်
DVB
·
June 8, 2024
Photo -REUTERS

သမိုင်းဝင် “ကမ္ဘာထွက်” ဓာတ်ပုံကို ရိုက်ကူးခဲ့ သူ အပိုလို - ၈ အာကာသယာဉ်မှူး ဝီလျံအန်ဒစ်ဟာ လေယာဉ်ပျက်ကျ ကွယ်လွန်သွားခဲ့ပါတယ်။ 

အသက် ၉၀ အရွယ်အန်ဒါစ်ဟာ ဇွန် ၇ ရက်က ဝါရှင်တန်ပြည်နယ်မှာ  လေယာဉ်ငယ် တစင်းကို ကိုယ်တိုင်မောင်းနှင်စဉ် ပျက်ကျကွယ်လွန်သွားတယ်လို့ ဒေသမီဒီယာတွေက ဖော်ပြပါတယ်။

လူသားတိုင်းဟာ နေထွက်တာ၊ လထွက်တာကို မြင်ခွင့်ရခဲ့ပေမဲ့ ကမ္ဘာထွက်တာကိုတော့ လကနေ ပြန်ကြည့်မှသာမြင်ခွင့်ရမှာဖြစ်ပါတယ်။ 

လကို ပတ်ခဲ့တဲ့ ပထမဆုံးလူသားသုံးဦးထဲက တစ်ဦးဖြစ်တဲ့ ဝီလျံအန်ဒါစ်ဟာ အပိုလို ၈ ခရီးစဉ် အတွင်း သမိုင်းဝင် “ကမ္ဘာထွက်”ဓာတ်ပုံကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ 

သူ တဦးတည်း စီးနင်းမောင်းနှင်လာတဲ့ လေယာဉ်ငယ်ဟာ  ဂျုံးစ်ကျွန်း ကမ်းရိုးတန်းမှာ ထိုးဆင်း သွားခဲ့တာဖြစ်တယ်လို့ သားဖြစ်သူ ဂရက်က အတည်ပြုပါတယ်။ 

အမေရိကန်ရေတပ်အကယ်ဒမီဆင်း၊ လေတပ်လေယာဉ်မှူးဟောင်း အန်ဒါစ်ဟာ ၁၉၆၃ မှာ အာကာသ ယာဉ်မှူးအဖြစ် နာဆာကို ဝင်ရောက်ခဲ့ပါတယ်။ 

၁၉၆၈ မှာ အပိုလို ၈ နဲ့အတူ ကမ္ဘာပတ်လမ်းထဲက ထွက်ခွာပြီး လဆီကို မိုင် ၂၄၀,၀၀၀ ဝေးတဲ့ ခရီးထွက်ခွာရာမှာ လိုက်ပါခွင့်ရခဲ့ပါတယ်။ 

အဲဒီခရီးစဉ်မှာ လရဲ့မိုးကုတ်စက်ဝိုင်းပေါ်ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာရဲ့ ပုံရိပ်ကို အန်ဒါစ်က အမှတ်မထင်ရိုက်ကူးနိုင်ခဲ့ပါတယ်။ 

အန်ဒါစ်ဟာ အဲဒီခရီးစဉ်မှာ လူသစ်အနေနဲ့ ဝါရင့်အာကာသယာဉ်မှူး ၂ ဦးနဲ့အတူ လိုက်ပါခဲ့တာ ဖြစ်ပါတယ်။  

အန်ဒါစ်ဟာ မစ်ရှင်ကွန်မန်ဒါ  ဖရန့်ဘောမန်း၊ နောက်ပိုင်းမှာ ပျက်ကျခဲ့တဲ့ အပိုလို ၁၃ ရဲ့ ကွန်မန်ဒါ ဖြစ်လာသူ ဂျိမ်းလိုဗဲလ်တို့နဲ့အတူ တိုင်းမ်မဂ္ဂဇင်းရဲ့ အဲဒီနှစ်အတွက် “Men of the Year” အဖြစ် အရွေးခံခဲ့ရပါတယ်။ 

ဒီခရီးစဉ်ဟာ နောက် ၇ လအကြာ လပေါ်ကို လူပထမဆုံးဆင်းသက်တဲ့ အပိုလို ၁၁ ယာဉ်အတွက် လမ်းဖွင့်ပေးခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013