စစ်ကောင်စီတပ်လက်အောက်ခံ ခြေလျင်၊ ခြေမြန်နဲ့ လက်ရုံးတပ်က အရာရှိ၊ စစ်သည်တွေ ရှေ့တန်းထွက်နေတဲ့အချိန်မှာ နောက်တန်းမှာ ကျန်ခဲ့တဲ့ဇနီးတွေကို စစ်ကောင်စီက ပြင်ပထွက်ခွင့် ပိတ်ထားတယ်လို့ တပ်မိသားစုဝင်တွေဆီက သိရပါတယ်။
ကရင်ပြည်နယ်ကို စစ်ကြောင်းထိုးနေတဲ့ တပ်မ ၄၄၊ ၅၅၊ ၂၂ လက်အောက်ခံ ခြေလျင်၊ ခြေမြန်တပ်ရင်းတွေက အိမ်ထောင်သည်ရဲမေတွေနဲ့ အရာရှိကတော်တွေကို တပ်က ပြင်ပထွက်ခွာသွားလာခွင့်ကို ဧပြီလကတည်းက ပိတ်ထားတာလို့ ခြေလျင်တပ်မှ ရဲမေတဦးက ပြောပါတယ်။
"နောက်တန်းမှာနေလို့ ရန်သူကလာတိုက်လို့ရှိရင် တပ်ရင်းက ပြင်ဆင်ထားတာဘာမှမရှိတော့ ကိုယ့်ကလေးတွေသေမှာစိုးတယ်။ ဒါကြောင့်ကလေးတွေကို အဘိုးအဘွားတွေဆီ ပြန်ပို့မယ်ဆိုတာတောင် တပ်က ခွင်မပြုဘူး။ သူတို့နဲ့ရောပြီးသေခိုင်းတဲ့ပုံစံမျိုး။”
ကယားပြည်နယ်ကို စစ်ကူသွားရတဲ့ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေက ရဲမေတချို့ဟာ ခင်ပွန်းဖြစ်သူတွေ ရှေ့တန်းထွက်နေချိန် အွန်လိုင်းပေါ်တွင် ရည်းစားထားတာတွေ ပြင်ပမှာချိန်းတွေ့တာလုပ်ဆောင်လာလို့ အခုလို အမိန့်ထုတ်ထားတာဖြစ်တယ်လို့ တပ်မိ သားစုဝင်တဦးက ပြောပါတယ်။
"တချို့က ယောကျ်ားရှေ့တန်း ထွက်နေချိန် လိုင်းပေါ်မှာ ရည်းစားတွေဘာတွေရပြီး အပြင်မှာတွေ့တယ်။ နောက်တော့မလိုလားတဲ့ ပြဿနာတွေဖြစ်လာတယ်။ အဲတာကြောင့် တပ်က အခုလိုတားမြစ်ထားတာ။”
စစ်ကိုင်းတိုင်းမှာ စစ်ဆင်ရေးတာဝန်ကျနေတဲ့ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်းတွေမှာ ကျန်ခဲ့တဲ့ ရဲမေတွေကို တပ်ရင်းမှ ဒုတပ်ရင်းမှူးကတော်၊ ဗိုလ်ကြီးကတော်တွေရဲ့ မတရားဖိနှိပ် အနိုင်ကျင့်မှုတွေကြောင့် မိသားစုတွေထံ သွားရောက်နေထိုင်သူများလာလို့ ပြင်ပထွက်ခွင့်ကို ပိတ်လိုက်တာဖြစ်တယ်လို့ တပ်မ ၃၃ မိသားစုဝင်တဦးက ပြောပါတယ်။
တပ်ကပြင်ပသွားလာခွင့်ပိတ်တာဟာ ရန်သူ့ ထံသတင်းပေါက်မှာ တပ်တွင်းအနေအထားနဲ့ စုဖွဲ့မှု အင်အားကို သိရှိမှာစိုးတဲ့အတွက် အခုလိုလုပ်တာဖြစ်တယ်လို့ စစ်မှုထမ်းဟောင်း အရာရှိတဦးက ပြောပါတယ်။
"တပ်ကပြင်ပသွားလာခွင့်ကို အခုမှပိတ်တာမဟုတ်ဘူး။ အရင်ကတည်းက ပိတ်ထားတာ။ အခုလို တိုက်ပွဲတွေဖြစ် စခန်းသိမ်းတာတွေဖြစ်နေတော့ နောက်တန်းကရဲမေတွေကို စခန်းလာတိုက်ရင် ပြန်ပြီးခုခံနိုင်အောင် စုဖွဲ့ထားတာ။”
စစ်ကောင်စီတပ်က တခြားအဆင့်ရဲမေတွေဟာ အပါတ်စဥ် တပ်တွင်းသန့်ရှင်းရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အိမ်တွင်း သန့်ရှင်ရေးစတာတွေ လုပ်ဆောင်နေရတဲ့အပြင် တဖက်ရန်သူက စခန်းကို လာရောက်တိုက်ခိုက်ပါက ပြန်လည်ခုခံနိုင်ဖို့ စစ်သင်တန်းတွေပါ တက်နေကြရပါတယ်။