စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဂိတ်ကြေးတောင်းပြီး ထွက်လာတဲ့ ရဲတပ်ကြပ်ကြီးတယောက် ကားတိုက်မိလို့ ဒဏ်ရာ အပြင်းအထန်ရပြီး မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာတော့ ဆိုင်ကယ်နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရလို့ တယောက် သေဆုံးခဲ့ပါတယ်။
ဇွန် ၆ ရက်နေ့ ညနေပိုင်းက အင်းတော်မြို့နယ်၊ အောင်ဇေယျ ရပ်ကွက်၊ ရထားသံလမ်းအနီး စုပေါင်း စစ်ဆေးရေးဂိတ်မှာ ဂိတ်ကြေးတောင်းပြီးလာတဲ့ ရဲတပ်ကြပ်ကြီးကို ဆီတင်တွဲကားက ဝင်တိုက်မိလို့ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ညနေ ၅ နာရီလောက်က ဂိတ်ဖြတ်လို့ မရတော့ဘူးဆိုတဲ့အတွက် ဆီတွဲကားက နောက်ကို ပြန်ဆုတ်တာ။ အဲဒီအချိန်မှာ လမ်းတဖက်ကနေ ဂိတ်ကြေးတောင်းပြီးအထွက် တွဲကားနဲ့ တိုက်မိတယ်။ လူကတော့ လွင့်ထွက်သွားပြီး မျက်နှာတွေ လက်တွေ ထိထားတယ်။ စိုးရိမ်ရတဲ့ အနေအထားရှိတယ်” လို့ ပြောပါတယ်။
အင်းတော်မြို့နယ်က မီးရထားသံလမ်းနားမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တခုနဲ့ မြို့နယ် ပညာရေးမှူးရုံးနားမှာ စစ်ဆေးရေးဂိတ် တခုရှိပြီး မြို့တွင်းကို ဆီတွဲကားအား ပေးမဝင်တော့တာကြောင့် တွဲကားကို နောက်ပြန်ဆုတ်တုန်း ရဲတပ်ကြပ်ကြီးကို ဝင်ရောက် တိုက်မိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ရဲတပ်ကြပ်ကြီးကို အင်းတော်ဆေးရုံမှာ ဆေးကုသပေးနေပြီး ဆီတင်တွဲကားမောင်းနှင်သူ ယာဉ်မောင်းနဲ့ ယာဉ်အကူတို့ကို အင်းတော်မြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာတော့ ဇွန် ၆ ရက်နေ့ နေ့လယ်ပိုင်းက စိုက်ပျိုးရေးသိပ္ပံကျောင်းစောင့် စစ်ကောင်စီတပ်သားတွေ ဆိုင်ကယ်နဲ့ထွက်လာတုန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးတယ်လို့ သိရပါတယ်။
ပြည်သူ့ဘက်တော်သား ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “စိုက်ပျိုးရေးသိပ္ပံ ကျောင်းစောင့်ခွေးတွေ ရိက္ခာအတွက်စျေးဝယ်ထွက်လာတာကို ရေထွက်ရွာနားမှာ ကျနော်တို့ရဲ့ စိန်ပန်းစစ်ကြောင်းက ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အရပ်ဝတ် ၂ ယောက်နဲ့ တပ်မ ၃၃ တံဆိပ်ပါ ယူနီဖောင်းဝတ်ထားသူ ၁ ယောက်တို့ဟာ ဆိုင်ကယ်တစီးတည်းကို စီးလာတုန်း ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
စိန်ပန်းစစ်ကြောင်းရဲ့ ရဲဘော်တယောက်က “ကျနော်တို့ ရဲဘော်တွေက ပစ်မယ်လုပ်တော့ သေနတ်တွေက ကျည်တွေဂျမ်းဖြစ်နေတာနဲ့ပဲ ယူနီဖောင်းဝတ်ထားတဲ့ ခွေးတကောင်ပဲ အသေပစ်နိုင်ခဲ့တယ်။ ကျန်တဲ့ ခွေး ၂ ကောင်ကတော့ ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။
ပြည်သူ့ဘက်တော်သားပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ မြို့ပြစစ်ဆင်ရေးတွေကို အရှိန်မြှင့် ဆောင်ရွက်သွားတော့မှာဖြစ်လို့ ပြည်သူတွေရဲ့ကူညီပံ့ပိုးမှုတွေလိုအပ်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်သားတွေနဲ့ နီးနီးကပ်ကပ်မနေကြဖို့အသိပေးထားသလို ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့ကလည်း မန္တလေးမြို့ပေါ်က ကျန်းမာရေးရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။