Home
မြန်မာသတင်း
ခွင့်ပြန်အလုပ်သမားများ ငွေလွှဲပို့အထောက်အထားပြနိုင်မှာသာ  OWIC ကတ်ထုတ်ပေးမည်
DVB
·
June 8, 2024

မိသားစုထံလွှဲပို့ငွေ ဘဏ်စလစ်မပြနိုင်လို့ OWIC ကတ်လုပ်မရတဲ့ ခွင့်ပြန်အလုပ်သမားတွေ အနေနဲ့ လက်ရှိဘဏ်အကောင့်ထဲ ပြည်ပကလွှဲပို့လာတဲ့ငွေ အထောက်အထားပြနိုင်ရင် လက်ခံဆောင်ရွက်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ရှိ အလုပ်သမားညွန်ကြားရေး ဦးစီးဌာနက အသိပေးထားပါတယ်။

မြန်မာပြည်ပြန်ရောက်နေပြီဖြစ်ပေမဲ့  ဝင်ငွေခွန်မဆောင်ခဲ့ရသေးတာ၊ မိသားစုထံ တရားဝင်ငွေမလွှဲခဲ့တာတွေကြောင့် OWICကတ်လုပ်ဖို့ အခက်အခဲတွေရှိနေတာနဲ့ ပတ်သက်လို့ ဆောင်ရွက်နိုင်မယ့်နည်းလမ်းကို အကြံပြုတာဆိုပြီး အဲဒီဌာနကထုတ်ပြန်လိုက်တာပါ။

မိသားစုဆီ ပြည်ပကနေ တရားဝင်လွှဲခဲ့တာမရှိသူတွေအနေနဲ့ International money transfer တွေဖြစ်တဲ့ Western Union ၊ IME ၊ RIA ၊ Money Gram စတဲ့တရားဝင်ငွေလွှဲလုပ်ငန်းတွေကနေ မိမိထံ ပြည်ပရှိ အလုပ်ရှင် ဒါမှမဟုတ် မိတ်ဆွေတဦးဦးမှ တရားဝင်ငွေလွှဲထားတဲ့ အထောက်အထားပြရင် ရနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီလိုလွှဲပို့ရာမှာ ဥပမာအနေနဲ့ ထိုင်းပြန်ဆိုရင် လစာ ကျပ် ၈ သိန်းရပါက လစာရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ တလလွှဲပို့ရမယ့် ငွေပမာဏ ၂ သိန်းဖြစ်ပြီး ၈ သိန်းလွှဲထားရင် ၄ လစာ အကျုံးဝင်မယ်လို့ ဆိုပါတယ် ။

မိသားစုဆီ တရားဝင်ငွေလွှဲပို့ရေးအကောင်အထည်ဖော်တဲ့ကာလမှာ ၂၀၂၃ စက်တင်ဘာက စတာဖြစ်လို့ ခွင့်ပြန်ရောက်ရှိတဲ့လနဲ့ ချိန်ဆလုပ်ဆောင်နိုင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီလို ခွင့်ပြန်အလုပ်သမားတွေဆီက မိသားစုထံ လွှဲပို့ငွေ ပြခိုင်းတာ၊ ပြည်ပကနေငွေ အဝင်ပြခိုင်း တာဟာ စစ်ကောင်စီအတွက် နိုင်ငံခြားငွေရရှိရေး အကျပ်ကိုင်မှုသာဖြစ်ပြီး အလုပ်သမားတွေအတွက် အခက်အခဲရှိတယ်လို့ ကာယကံရှင် အလုပ်သမားတွေက ဆိုပါတယ်။

OWIC ကတ်လုပ်ဖို့စောင့်ဆိုင်းနေတဲ့ ခွင့်ပြန်အလုပ်သမားတဦးက "အလုပ်ရှင်ဆီကနေ ငွေလွှဲပို့ခိုင်းဖို့ဆိုတာလည်း တော်တော်မဖြစ်နိုင်တဲ့ကိစ္စ၊ အရမ်းယုံကြည်နေတဲ့ သူဆိုရင်တောင် မလွယ်လောက်ဘူး။ မိတ်ဆွေတွေဆီအကူအညီတောင်းဖို့ဆိုတာကလည်း အဆင်ပြေနေဦးမှ၊ လုပ်နိုင်တဲ့နည်းလမ်းက ကိုယ်ကသူတို့ဆီ အရင်လွှဲပြီးမှ သူတို့ကို ပြန်လွှဲခိုင်းရမယ့်သဘော၊ အဲဒီတော့ဘာထူးမှာလဲ။ သက်သက် အလုပ်ရှုပ်အောင်လုပ်သလိုပဲ"လို့  ပြောပါတယ်။

စစ်ကောင်စီက အလုပ်အကိုင်အမျိုးအစား နိုင်ငံကူးလက်မှတ်(PJ) ကိုင်ဆောင်ထားသူတွေကို OWICကတ်ရှိမှသာ ပြည်ပထွက်ခွာခွင့်ပြုထားတာ ဖြစ်ပါတယ်။

အဲဒါကြောင့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ပြည်ပကနေခွင့်နဲ့ ပြန်ရောက်နေတဲ့ အလုပ်သမားတွေအနေနဲ့ ပြန်လည်ထွက်ခွာလိုပါက OWICကတ် မဖြစ်မနေရှိဖို့လို အပ်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက OWICကတ်လုပ်မယ့် ခွင့်ပြန်အလုပ်သမားတွေကို မိသားစုထံငွေပို့ ငွေဘဏ်စလစ်နဲ့ ဝင်ငွေခွန်ပေးဆောင်ထားတဲ့အထောက်အထားပြနိုင်မှ ကတ်လုပ်ပေးတော့ မယ်ဆိုပြီး ဇွန် ၆ ရက်ကစတင် အကျပ်ကိုင်ထားတာ ဖြစ်ပါတယ်။

​ပြည်ပမှာဝင်ငွေမဆောင်ခဲ့သူတွေအနေနဲ့ အင်းစိန်၊ ကမာရွတ်၊ မြောက်ဒဂုံ စတဲ့ နီးစပ်ရာ အခွန်ရုံး​တွေဆီမှာ အခွန်ဆောင်လို့ရတယ်ဆိုပြီးလည်း  အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အလုပ်အကိုင်အမျိုးအစား နိုင်ငံကူးလက်မှတ်(PJ)ကိုင်ထားသူတွေကို ဇွန် ၆ ရက်ကစပြီး အလည်အပတ် နိုင်ငံကူးလက်မှတ်(PV) ပြောင်းလဲလျှောက်ထားခွင့် ရပ်ဆိုင်းခဲ့ပါတယ်။

အဲဒါကြောင့် PVပြောင်းလုပ်ပြီး နိုင်ငံခြားထွက်မယ့်သူတွေ အခက်တွေ့ခဲ့ရပြီး အခုလို အလုပ်သမားတွေကို စစ်ကောင်စီရဲ့ အကျပ်ကိုင်မှုအပေါ် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013