ပဲခူးမြို့၊ ကမာနက်ကျေးရွာအရှေ့ပိုင်းမှာ ဇွန် ၇ ရက် မနက်စောပိုင်းက နေအိမ်အတွင်း လင်မယားနှစ်ယောက် နေအိမ်ထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနက် ၄ နာရီခွဲအချိန်လောက်က နေအိမ်အောက်ထပ်မှာ လင်မယားနှစ်ယောက် ဓားဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း ဖုန်းဆက်အကူညီတောင်းခံလာလို့ သွားရောက်ကူညီပေးခဲ့တာလို့ ညီညွတ်ခြင်း စုပေါင်း အခမဲ့နာရေးကူညီမှုနဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ကျနော်တို့အသင်းကို ဖုန်းဆက်လာလို့ သွားကူညီခဲ့တာပါ။ အိမ်နီးချင်းတွေပြောတာက ညက သူတို့အိမ်မှာ ဖဲဝိုင်းကစားကြပြီး မနက် ၄ နာရီလောက်မှာ အမျိုးသားတယောက်က အိမ်နောက်ဖေးပေါက်က ဝင်လာပြီး သတ်သွားတာလို့ ကြားတယ်။ သေဆုံးသူတွေကိုတော့ ပဲခူးဆေးရုံရင်ခွဲရုံကိုပို့ပေးခဲ့တယ်” လို့ပြောပါတယ်။
ဓားခုတ်ခံရလို့ အသက် ၃၆ နှစ်အရွယ် စောမြတ်ကျော်(ခ)ရေခဲမှာ ဝဲပေါင်ပြတ်ရှဒဏ်ရာ၊ ဝဲနံဘေးထိုးသွင်းဒဏ်ရာ၊ ယာနံဘေး ပြတ်ရှဒဏ်ရာ၊ ယာလက်ဖျံပြတ်ရှဒဏ်ရာ၊ ဂုတ်ပြတ်ရှဒဏ်ရာနဲ့ အသက် ၃၄ နှစ်အရွယ် မမိုးဟန်(ခ)မိုးမိုးဟန်မှာ ဝဲလက်မောင်းပြတ်ရှဒဏ်ရာ၊ ယာဒူးဘေး ပြတ်ရှဒဏ်ရာ၊ ဝဲရင်အုံထိုးသွင်းဒဏ်ရာတွေနဲ့အတူ သေဆုံးခဲ့ကြောင်း သိရပါတယ်။
လင်မယားနှစ်ယောက်ကို သေတဲ့အထိ ဓားနဲ့ခုတ်ခဲ့သူဟာ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ပဲခူးမြို့မရဲစခန်းက လူသတ်မှုဥပဒေပုဒ်မ ၃၀၂ နဲ့အမှုဖွင့် စုံစမ်းရှာဖွေနေကြောင်းလည်း သိရပါတယ်။