စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ မြစ်ကြီးနားကနေ ကားနဲ့ လိုက်ပါလာသူ အမျိုးသမီး ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာလည်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံရေးအကြောင်းရေးတယ်လို့ စွပ်စွဲပြီး အမျိုးသား ၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
အင်းတော်မြို့နယ်၊ ပညာရေးမှူးရုံးနားက စစ်ကောင်စီစုပေါင်းဂိတ်မှာ မြစ်ကြီးနားမြို့ကနေလာတဲ့ Express ကားကို ဇွန် ၆ ရက် ညနေပိုင်းမှာ စစ်ဆေးရာကနေ အမျိုးသမီး ၂ ယောက်ရဲ့ ဖုန်းတွေကို စစ်ဆေးပြီး ဖမ်းဆီးလိုက်တာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “မြစ်ကြီးနားကနေဆင်းလာတဲ့ Express ကားကို ပညာရေးမှူးရုံးနားက စစ်ဆေးရေးဂိတ်မှာ မှတ်ပုံတင်တွေ၊ ဖုန်းတွေစစ်တယ်။ အဲဒီအထဲမှာ ဖုန်းထဲ ဘာတွေ့လဲမသိဘူး။ အဲ အမျိုးသမီး ၂ ယောက်ကို ခေါ်ထားလိုက်တယ်။ သိပ်မကြာဘူး၊ အချုပ်ကားနဲ့ ရဲစခန်းကို ခေါ်သွားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၂ ယောက်ဟာ အသက် ၂၀ ကျော်ဝန်းကျင်နဲ့ အသက် ၃၀ ကျော်ဝန်းကျင် ဖြစ်ပြီး သူတို့နဲ့ ပတ်သက်တဲ့ အမည်၊ နေရပ်လိပ်စာတို့ကိုတော့ ဆက်လက် စုံစမ်းဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် အင်းတော်မြို့၊ ဗန်းမောက်လမ်းဆုံမီးပွိုင့်မှာလည်း ဇွန် ၆ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က စစ်ဆေးနေတုန်း ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား ၃ ယောက်ကိုလည်း ဖမ်းဆီး ခဲ့ပါသေးတယ်။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာတော့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံတော်ကို ဆန့်ကျင်တဲ့စာတွေရေးတင်တာကြောင့်လို့ စွပ်စွဲပြီး အမျိုးသားတယောက်ကို ဇွန် ၅ ရက်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဟင်္သာတမြို့၊ အနောက်စုရပ်ကွက်က စောစိုးမိုးနိုင် ဆိုသူ အမျိုးသားကို ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲ အင်အား အများအပြားက နေအိမ်ကို လှည့်ဝိုင်းဖမ်းဆီးခဲ့တာလို့ နီးစပ်သူတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အခု ဖမ်းဆီးခံရသူက နိုင်ငံတော် ဆူပူအောင်လှုံ့ဆော်တဲ့ စာတွေ ရေးတင်လို့ စစ်ကောင်စီတပ်နဲ့ ရဲတွေက သွားဖမ်းတာ။ အခုတော့ အမှုဖွင့်ဖို့ လုပ်နေတယ်။ ဟင်္သာတဘက်မှာတော့ VPN ပြဿနာတက်ပြီးနောက် ပထမဆုံး အဖမ်းခံရတာပဲ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ စောစိုးမိုးနိုင် ကို ရဲစခန်းမှာ ချုပ်နှောင်ထားပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပေဒ ပုဒ်မ ၅၀၂ (က)၊ ၅၀၅(ခ) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူဖို့လုပ်နေ တယ်လို့ သိရပါတယ်။