စစ်ကောင်စီဗဟိုဘဏ်ကနေ နိုင်ငံခြားငွေကြေးအများအပြားထုတ်ရောင်းနေပေမဲ့ ဈေးကွက်ကို သက်ရောက်မှု မရှိဘဲ ကုန်သွယ်ရေးမူဝါဒတွေကြောင့် ကုန်ဈေးနှုန်းတွေက မြင့်တက်နေဆဲပဲလို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံခြားငွေကြေးတွေကို ထုတ်ရောင်းခဲ့တာမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာ ၆ ရက်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ၊ တရုတ်ယွမ် ၁၅၆ သန်းနဲ့ ထိုင်းဘတ် ၄ ဒသမ ၅ ဘီလီယံ ထုတ်ရောင်းခဲ့တယ်လို့ DVB Data အဖွဲ့က အချက်အလက် စုဆောင်းရရှိထားပါတယ်။
ပြည်တွင်းအခွန်အကောက်ကရတဲ့ ဝင်ငွေမရှိတဲ့ စစ်ကောင်စီအနေနဲ့ ဈေးကွက်လိုအပ်ချက်ထက် ပိုရောင်းချနေတာက နိုင်ငံခြားငွေလဲလှယ်နှုန်းကို ထိန်းချုပ်နိုင် ကြောင်းပြသဖို့ဖြစ်ပြီး ပို့ကုန်သွင်းမူဝါဒတွေကြောင့် ဘယ်လိုအကျိုးသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူးလို့ ပို့ကုန်သွင်းကုန်ကျွမ်းကျင်သူ တယောက်က သုံးသပ်ပါတယ်။
“ဗဟိုဘဏ် CBM က ဈေးကွက်မှာ လိုအပ်တဲ့ ပမာဏထက်ပိုပြီးတော့ ဒေါ်လာတွေကို ရောင်းချတယ်။ သူတို့က import ကို ပိတ်ထားပြီးတော့ နိုင်ငံခြားငွေကို ထုတ်ရောင်းတာ foreign exchange ကျသွားပြီတဲ့ image ကို ယူချင်တာပေါ့။ ဒါပေမဲ့ သုံးလို့ ရလား ဆိုတော့ သုံးလို့မရဘူး။ on papers ပဲရှိတယ်။ အဲဒီ foreign exchange CBM ထဲမှာပဲရှိတယ်။ DATA အရပဲရှိနေတာပေါ့။ ပို့ကုန်ရဝင်ငွေကနေ import ကို လုပ်ရမယ်လို့ မူဝါဒရှိတာဆိုတော့ ဈေးကွက်ထဲမှာ ဒေါ်လာတွေ အိုင်သွားတာပေါ့။ ဒေါ်လာ အိုင်ပေမဲ့ တကယ်တမ်းက import လုပ်လို့ မရဘူးပေါ့၊ import ကလည်း ပိတ်ထားတယ်၊ တရားမဝင် လမ်းကြောင်းကလာရင်လည်း ဖမ်းတယ်ဆိုတော့ ဒေါ်လာကိုင်ထားလည်း ဘာမှ လုပ်မရဘူးပေါ့။ လတ်တလောအနေနဲ့သာ ထိန်းချုပ်ထားလို့ ဒေါ်လာအိုင်နေတာ၊ ဘယ်သူ့မှအကျိုးမရှိဘဲ ဒေါ်လာ ရောင်းကုန်ပစ္စည်းပဲ ဖြစ်နေတာ။”
နိုင်ငံခြားငွေကြေး ရှားပါးနေတဲ့ စစ်ကောင်စီက ပို့ကုန်သွင်းကုန်မူဝါဒတွေကို တင်းကျပ်ထားပြီး ပို့ကုန်ရ နိုင်ငံခြားငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေလဲလှယ်ဖို့ ပြီးခဲ့တဲ့ဩဂုတ်လက နောက်ဆုံး ထုတ်ပြန်ထားခဲ့တာပါ။
စီးပွားရေးလေ့လာသူတွေကတော့ ကုန်ဈေးနှုန်းမြင့်တက်ရခြင်းက နိုင်ငံခြားငွေကြေးအပြင် ကုန်သွယ်ရေးမူဝါဒနဲ့ ကုန်သယ်ရေးစရိတ်စကတွေ မြင့်တက်လာတာတွေလည်း ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
နိုင်ငံခြားငွေကြေးကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ လူထုက ကုန်ပစ္စည်းရှားပါးမှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုကို ဆက်လက်ပြီး ခံနေရမှာဖြစ်တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ အင်စတီကျုရဲ့ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ပြောပါတယ်။
“ကြက်ပူတိုက်ပြီး လက်သိပ်ထိုးတဲ့နည်းမျိုးနဲ့ သွားနေတယ်လို့ မြင်တယ်။ ကျနော့် သဘောကတော့ နိုင်ငံခြားငွေကို ပြင်ပဈေးကွက် ပေါက်ဈေးအတိုင်း လွှတ်ထားတာ ပိုကောင်းတယ်လို့ ထင်ပါတယ်။ တရုတ်နယ်စပ်ဂိတ်တွေကလည်း အခုချိန်မှာ ပိတ်နေတယ်။ ထိုင်း-မြန်မာကုန်သွယ်ရေးအဓိက လမ်းကြောင်းကလည်း ပြန်မဖွင့်သေးဘူး။ အဲတာထက် စစ်ကောင်စီက အခွန်အကောက် လိုချင်တာပေါ့။ အဲဒါကြောင့် တရားမဝင်တင်သွင်းတဲ့ ပစ္စည်းတွေ ဖမ်းတယ်ဆိုပြီးတော့လုပ်တော့ လူသုံးကုန်ပစ္စည်းတွေကလည်း ရှားကုန်တယ်၊ ရှိတဲ့ပစ္စည်းတွေကလည်း ဈေးကြီးကုန်တာတွေ ဖြစ်တာပေါ့။ ယေဘုယျပြောရင် လူထုက ပိုကျပ်တည်းလာတာပေါ့။”
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ မှာတော့ အမေရိကန်ဒေါ်လာ ၄၄၅ သန်း ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ၂၉၅ သန်းနဲ့ ၂၀၂၃ ခုနှစ်မှာတော့ ၇၄ သန်းသာ ရောင်းချနိုင်ခဲ့တာဖြစ်ပြီး အခုနှစ် ၁၀ လကျော်အတွင်းမှာ ရောင်းချနိုင်ခဲ့တာက အရင်နှစ် ၃ နှစ်ပေါင်းထက် ၂ ဆနီးပါး ပိုများလာတာ ဖြစ်ပါတယ်။
ဝေဝေ