မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ ဒေသခံ ၄,၀၀၀ လောက် တိုက်ပွဲကြား ပိတ်မိနေကြပြီး မြို့ကနေ ထွက်ခွာခွင့်ပြုဖို့ စစ်ကောင်စီကို တောင်းဆိုခဲ့ကြပေမဲ့ ထွက်ခွာခွင့်မပြုခဲ့ဘူးလို့ အမ်းဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်က အမ်းမြို့ပေါ်က စစ်ဘေးရှောင်တွေ အပါအဝင် ဒေသခံ ၄,၀၀၀ ကျော်ဟာ ကားအစီးရေ ၈၀ ကျော်၊ ဆိုင်ကယ် ၁,၀၀၀ နီးပါးနဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကို ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက ထွက်ခွာခွင့် တားမြစ်လိုက်တာလည်း ဖြစ်ပါတယ်။
ထွက်ပြေးစရာနေရာ မရှိတဲ့အပြင် အသက်အန္တရာယ် စိုးရိမ်နေရတဲ့အတွက် အမ်းမြို့ပေါ်ကနေ အမြန်ဆုံး ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုချင်ပါတယ်လို့ အမ်းမြို့ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“အမ်းမြို့မှာ ဒေသခံပြည်သူ ၄,၀၀၀ ကျော်လောက် မင်းဘူးဘက်ကိုထွက်ဖို့ အစည်းအဝေး လုပ်ကြတယ်။ ဒါပေမဲ့ စစ်တပ်က ထွက်ခွင့်မပြုပါ။ ဒါကို တနိုင်ငံလုံးနဲ့ နိုင်ငံတကာက သိစေချင်ပါတယ်။ မြို့ဟောင်း လေယာဉ်ကွင်း ရပ်ကွက်မှာလည်း တောင်ကုတ်တက္ကသိုလ် ဒုတိယနှစ်က ကလေးတယောက်ရဲ့ ခြေထောက်ကို လက်နက်ကြီး ကျသွားတယ်။ ဒရုန်းကနေ ဗုံးကြဲချလို့လေ၊ သူ့မှာ ပတ်တီးလည်းမစည်းရ၊ ဆေးလည်းမထည့်ရ၊ သွေးထွက်လွန်ပြီး ဆုံးသွားတယ်။ ဆေးရုံမှာလည်း ဆေးတခုမှမရှိဘူး။ ခရိုင်အုပ်ချုပ်ရေးမှူးတွေလည်း မရှိတော့ဘူး။ ရပ်ကွက် ၅ လည်း မလုံခြုံ၊ ပြိုင်းတောလည်း မလုံခြုံ၊ လေယာဉ်ကွင်းရပ်ကွက်လည်း မလုံခြုံတော့ ခု ရပ်ကွက် ၃ ထဲမှာ စုနေကြတယ်။ ဒါကို စစ်တပ်က ထွက်ခွင့်မပေးဘူး။ စိုးရိမ်တာက အသက်အန္တရာယ်က အချိန်မရွေး ကျရောက်လာနိုင်တယ်။ ဒါကြောင့် နေစရာနေရာလည်း မရှိဘူး၊ ထွက်ပြေးစရာနေရာလည်း မရှိတော့ဘူး။ ဒါကြောင့် မင်းဘူးဘက်ကိုထွက်ဖို့ တောင်းဆိုတာဖြစ်တယ်။”
စစ်ကောင်စီက အမ်းမြို့ပေါ်ရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲချတာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး သေဆုံး ဒဏ်ရာရရှိမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အမ်းမြို့ပေါ် ရပ်ကွက်တခုကနေ နောက်ရပ်ကွက်တခုကိုပါ သွားလာခွင့်ပိတ်ထားလို့ ဒေသခံတွေဟာ လက်ရှိမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီက ထွက်ခွာခွင့်မပေးတာဟာ ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် အသုံးချနေတာ ဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။
“အမ်းမြို့က စစ်ပွဲအလယ်ထဲ ရောက်နေတော့ ဒီပြည်သူတွေအတွက် တော်တော်ခက်ခဲတယ်။ မြို့ထဲကနေ လွတ်ရာကို ရှောင်ချင်ကြတယ်။ စစ်ကောင်စီရဲ့ စစ်တပ်ကနေ ပိတ်ဆို့ထားတဲ့အတွက် ဘယ်လိုမှ ထွက်လို့မရဘူး။ အရင်ဆုံး ရခိုင်ဘက်ကို စစ်ဘေးရှောင်နိုင်ဖို့ စစ်တပ်ကို အရေးဆိုတယ်၊ စစ်တပ်ကနေ ခွင့်ပြုချက်မပေးဘူး။ ဒါကြောင့် မင်းဘူးဘက်ကိုထွက်ဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ထွက်ခွင့်မရတဲ့အပြင် လူသားဒိုင်းကာ အနေနဲ့ ပြုလုပ်ခံထားရတဲ့ အခြေအနေမျိုးမှာ ရှိတယ်။”
အာရက္ခတပ်တော် (AA) ဟာ အမ်းမြို့နယ်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်း ၁၈ ခုထဲက ၈ ခုကို သိမ်းပိုက်ရရှိထားပြီး နပခ အပါအဝင် ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ကေခိုင်