ဧရာဝတီတိုင်း၊ ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာ ကုန်တင်ကား ၃ စီးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးထားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီကုန်တင်ကား ၃ စီးကို ပုသိမ်-မုံရွာ ကားလမ်းပေါ် ရခိုင်ပြည်နယ် အမ်းမြို့နယ်အထွက် လမ်းဆုံမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက တရားမဝင်ကုန်စည်တွေ တင်ဆောင်လာလို့ဆိုပြီး နိုဝင်ဘာ ၁၄ ရက် ညနေမှာ ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ကုန်တင်ကားတွေက ရန်ကုန်ကနေလာတဲ့ ကုန်ကားတွေပါ။ တရားမဝင် ကုန်ပစ္စည်း သယ်ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတာ။ ဘယ်ကို ဖမ်းခေါ်သွားတယ် ဆိုတာတော့ မသိသေးဘူး။ အမ်းဘက်အထွက်မှာ စစ်ဆေးနေရင်း တပ်နဲ့ ရဲက ဖမ်းတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တရားမဝင် ကုန်စည်တွေ တင်ဆောင်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုန်တင်ကားတွေကို ဖမ်းဆီးခဲ့ပေမဲ့ ကုန်တင်ကားတွေထဲမှာ အိမ်သုံးပစ္စည်း ဆန်၊ ဆား၊ စားသုံးဆီ၊ စက်သုံးဆီ၊ ဆေးဝါး၊ ခြုံစောင်နဲ့ အဝတ်အထည်တွေပဲ ပါတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
အဲဒီ ဖမ်းဆီးခံရတဲ့ ကုန်တင်ကား ၃ စီးနဲ့အတူ မောင်းတဲ့ ယာဉ်မောင်းတွေ အပါအဝင် အမျိုးသား ၆ ယောက်ကိုလည်း စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အခုလို ကုန်တင်ကားတွေကို စစ်ကောင်စီတပ်က တရားမဝင်ကုန်စည် အကြောင်းပြ ဖမ်းဆီးတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေက ရိက္ခာတွေ ထောက်ပံ့တာ၊ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့တာတွေ ဟန်တားဖို့ လုပ်တာလို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ဆိုပါတယ်။