စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်နဲ့ ရန်ကင်းရပ်ကွက် ကျောက္ကာလမ်း၊ ရန်ကင်းမီးပွိုင့်မှာ လုံခြုံရေးကင်းယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို PDF တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ ၆ ယောက်လောက် သေဆုံးသွားတယ်လို့ မုံရွာခရိုင်ပကဖ က ပြောပါတယ်။
မုံရွာခရိုင်ပကဖ ဒုတာဝန်ခံက “ပလဖက ဝင်ပစ်တာဗျ။ နမခဘက်ကနေ တိုင်းရုံးတွေဘက်ကို လူကြီးခရီးစဉ်ရှိလို့ ကင်းချတာကို ဝင်ရောက်ပစ်ခဲ့တာပါ။ G3 အမျိုးအစား သေနတ်တလက် သိမ်းဆည်းရရှိခဲ့တယ်။ စစ်တပ်ဘက်ကတော့ ၆ ဦးထက်မနည်း ကျဆုံးတယ်လို့ သိထားရတယ်။ ကျနော်တို့ဘက်ကတော့ အကျအဆုံးမရှိဘဲ မြို့အပြင်ကို ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။
အခုဝင်ရောက်ပစ်ခတ်တဲ့ ရန်ကင်းမီးပွိုင့်လမ်းဆုံမှာ စစ်ကောင်စီစစ်ကားတွေ အချိန်ပြည့် ကားအများအပြားနဲ့ လုံခြုံရေးယူ ကင်းလှည့်သွားလာနေတာလို့ သိရပါတယ်။
ရန်ကင်းရပ်ကွက်နေ ပြည်သူတယောက်က “တိုက်ပွဲဖြစ်တဲ့အချိန်က မနက်ခင်း ၆ နာရီခွဲကျော်ကျော်က ဝင်ပစ်ခံရတာ။ လက်နက်ကြီးပစ်သံတွေလည်း ကြားရသလို လက်နက်ငယ်တွေလည်း ကြားရတယ်။ ကနဦးကတော့ မိုင်းကွဲတာလို့ ထင်နေကြတာပေါ့။ လက်နက်ငယ်အသံလေးတွေ ကြားနေရလို့ မိုင်းထောင်တဲ့သူတွေကို စစ်တပ်က လိုက်ပစ်နေတာလို့ ထင်နေတာ။ နေ့ခင်းပိုင်းရောက်တော့ လုံခြုံရေးကင်းယူနေတဲ့ စစ်သားတွေကို PDF က ဝင်ပစ်တာလို့ သိရတယ်” လို့ ပြောပါတယ်။
အခုတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ်-ပလဖ) နဲ့ Kaung Kin Local PDF (ဒီပဲယင်းမြို့နယ်) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
မုံရွာမြို့နယ် ပလဖအဖွဲ့ဟာ မုံရွာမြို့အတွင်းက ခိုးမှု၊ ဓားပြမှု စတဲ့အမှုတွေ အပါအဝင် ရာဇဝတ်မှုမျိုးစုံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။