Home
ရုပ်သံ
တောင်ကုတ်တွင် စစ်ကောင်စီတပ် ခံစစ်ပြင်၊ အမ်း-ပဒါန်းလမ်း၌ အင်အားဖြည့်  စစ်ကြောင်းထိုး
DVB
·
November 11, 2024

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေအကြား ပြင်းထန်နေတဲ့ တိုက်ပွဲတွေဟာ တောင်ကုတ်မြို့တွင်းအထိ နီးကပ်လာပြီး စစ်ကောင်စီဘက်ကလည်း ခံစစ်ပြင်နေသလို အမ်း-ပဒါန်းလမ်းမှာ ကင်းစခန်းတွေ တိုက်ခိုက်ခံရလို့  အင်အားဖြည့် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကုတ်မှာ နိုဝင်ဘာ ၁၁ ရက်အထိဆိုရင် ပန်းမြောက်တောင်နဲ့ ဆီးကိုင်းတောင်အပါအဝင် တက္ကသိုလ်ဂိတ်နေရာတွေကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ တောင်ကုတ်မြို့အဝင် ကိုင်းရှည်တံတားဝန်းကျင်မှာ တိုက်ပွဲဆက်ရှိနေပြီး ဆုတ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေက မြို့ထဲမှာရှိတဲ့ စည်ပင်၊ မီးသတ်နဲ့ စာသင်ကျောင်း ၃ နေရာမှာ တပ်စွဲထားကြောင်း သိရပါတယ်။

တောင်ကုတ်မြို့ခံ စစ်ရှောင်ကူညီနေသူတယောက်က “တိုက်ပွဲက အခုက မြို့ထဲကို ရောက်လာပြီလို့ ပြောလို့ရတဲ့ အနေအထားမှာ ရှိတယ်ဗျ။ ကိုင်းရှည်တံတားမှာ ပုံမှန်ထိုင်တဲ့ တပ်တွေက ခုခံစစ်ပုံစံမျိုးနဲ့ မြို့လယ်ကောင်ကို ရွှေ့လာတာဖြစ်တဲ့အတွက် တိုက်ပွဲက မြို့ထဲမှာဖြစ်ဖို့ အလားအလာရှိတဲ့ အနေအထားမှာရှိတယ်။ ပြီးတော့ ဒီဘက်ကလည်း AA ဘက်ကလည်း မြို့ထဲက လူတွေကို အကုန်လုံးကို၊ မြို့ထဲနဲ့ ကိုင်းရှည်ဘက်က လူတွေအကုန်လုံးကို ရှောင်ခိုင်းနေတယ်ဗျ”လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က တောင်ကုတ်မြို့ထဲ အထပ်မြင့်အဆောက်အဦတွေမှာ စနိုက်ပါသမားတွေကို နေရာချထားတဲ့အပြင် သူတို့တပ်ချရာနား ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာနဲ့ ပစ္စည်းသိမ်းယူတာတွေ လုပ်နေပါတယ်။

လက်ရှိ တောင်ကုတ်မြို့ပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်လို့ တောလမ်းကနေလွဲပြီး မြို့အပြင် ထွက်မရတာကြောင့် မြို့ခံ ထောင်နဲ့ချီပြီး ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “သူတို့လည်း တိုက်ပွဲဖြစ်လာမယ်ဆိုတာ ကြိုသိပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းပေါ့၊ သူတို့လည်း မထွက်ဖြစ်ဘူး။ ဒီအချိန်မှာတော့ ထွက်ဖို့ ကြိုးစားရင်လည်း ULA/ AA တပ်တွေဘက်ကို ဆုတ်ခွာပြေးရင် ကောင်းတာပေါ့။ စစ်ကောင်စီကတော့ လူသားဒိုင်းအကာအဖြစ် မြို့ခံလူထုကို မထွက်ရဘဲ သူတို့အသုံးချမှာ တအားသေချာတယ်။ ULA/ AA တပ်တွေက မြို့နားနီးသာ ရောက်လာပြီဆိုရင် အဲဒီဘက်ကို အဆက်အသွယ်လုပ်ပြီးတော့ စစ်ပွဲဧရိယာကနေပေါ့နော် ULA/AA ရဲ့ အကူအညီနဲ့ နောက်တန်းကို ရောက်နိုင်ဖို့က အရေးကြီးပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ တောင်ကုတ် အပါအဝင် ရခိုင်တပြည်လုံးနီးပါးကို ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ဒေသခံထိခိုက်မှုနဲ့ အသေးစိတ်အခြေအနေကို DVB က ဆက်လက်စုံစမ်းနေတုန်း ဖြစ်ပါတယ်။

စကခ (၅) အခြေစိုက်တဲ့ တောင်ကုတ်မြို့ဟာ နပခ အခြေစိုက်ရာအမ်းမြို့နဲ့ ဆက်စပ်ဧရိယာ ဖြစ်တာကြောင့် AA က တောင်ကုတ်ကို တိုက်ခြင်းအားဖြင့် စစ်တပ်ဟာ တောင်ကုတ်ကနေ အမ်းကို စစ်ကူပို့မရသလို၊ တပ်ဆုတ်လို့လည်းမရ ဖြစ်သွားစေကြောင်း ဦးဖေသန်းက သုံးသပ်ပါတယ်။

ဒါ့အပြင် အမ်းမြို့ဟာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွေရှိတဲ့ မကွေးတိုင်းထဲ လမ်းပေါက်သလို၊ တောင်ကုတ်မြို့ဟာလည်း ပဲခူးတိုင်းထဲအထိ လမ်းပွင့်လို့  ဒေသခံတွေရဲ့ ကုန်စည်စီးဆင်းရေးအပြင် စစ်ဗျူဟာအရအရေးကြီးတဲ့ ဒုတိယတောင်းခမ်းဒေသလို့လည်း လေ့လာသူတွေက ပြောနေကြပါတယ်။  

အမ်း-ပဒါန်းလမ်းမှာလည်း ကင်းစခန်းတွေ တိုက်ခိုက်ခံရလို့ စစ်ကောင်စီက အင်အားဖြည့် စစ်ကြောင်းထိုးနေပြီး ရခိုင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ လေကြောင်းကိုသာ အဓိကအသုံးပြုနေရတယ်လို့ သိရပါတယ်။

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို စပ်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်း ငဖဲမြို့နယ်ကို စစ်ကောင်စီက အင်အားဖြည့် စစ်ကြောင်းထိုးနေပြီး စစ်ကြောင်းအနီးကျေးရွာက ပြည်သူတွေ စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၅ ရက်က ငဖဲမြို့နယ်  ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနဲ့ မိုင်တိုင် ၁၁ မှာရှိတဲ့ အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီကင်းစခန်း ၂ ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း တာဝန်ရှိသူက “ငဖဲမြို့နယ်ထဲက တောင်ပေါ် အမ်း သွားတဲ့လမ်းပေါ့လေ။ ဘုံးဘောက ကင်းစခန်း ၂ ခုကို တိုက်ခိုက်တာပါ၊ တိုက်ခိုက်ပြီးတဲ့နောက် ဘုံးဘောရဲ့ အောက်ဘက်နားလောက်မှာ သူတို့ စစ်ကြောင်းဖြန့်ထားတာတွေတော့ ရှိပါတယ်။ အောက်ဘက်မှာ စစ်ကြောင်းအနေအထားနဲ့ အသင့်အနေအထားနေထားပါတယ်။ ငဖဲမြို့နယ်နားမှာ ရှိတဲ့ ၉၀၅ အမြောက်တပ်နဲ့ ကပစ ၁၄ ကပါဘဲဗျ၊  လူအင်အားက ကား၃စီး ၅၀ နဲ့ ၁၀၀ ကြားမှန်းပါတယ်၊ သူတို့က အိမ် ၂ လုံးလောက်ကိုတော့ မီးရှို့သွားပါတယ်ဗျ၊ ၈ ရက်နေ့ကပါ၊ တိုက်ပွဲက ၅ ရက်နေ့က ဖြစ်တာပါ”လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တဲ့အတွက် နိုဝင်ဘာ ၈ ရက်မှာ စစ်ကောင်စီက တိုက်ခိုက်ခံရတဲ့ ကင်းစခန်းအနီးက ဘုံးဘောရွာကို အင်အား ၃၀ လောက်က ဝင်ရောက်စီးနင်းပြီး လူနေအိမ် ၂ လုံးကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၉ ရက်နေ့မှာ မကွေး၊ မင်းဘူးတပ်မ ၈၈က စစ်ကောင်စီတပ်သား အင်အား ၈၀ လောက်က ငဖဲမြို့နယ် မြေလတ်ကျေးရွာ၊ဂုတ်ကြီးကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက် ပါတယ်။

စစ်ကြောင်းကြောင့် ဂုတ်ကြီး၊ ဘုံဘော၊ မြေလတ် စတဲ့ကျေးရွာက ပြည်သူ ၁၀၀၀ကျော် အရေးပေါ်စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ လည်းသိရပါတယ်။

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း တာဝန်ရှိသူက “ရွာသားတွေကတော့ စစ်ဘေးရှောင်နေရပါတယ်။ အမ်းဘက်ကလည်း ပွဲဖြစ်နေတယ်။ ငဖဲမြို့နယ်ဘက်ကလည်း တတ်လာတာရှိတယ်။ မကွေး-မင်းဘူးဘက်က တပ်မ ၈၈ ကတတ်လာတာရှိတယ်။ အဲ့ဒီအနေအထားလေးတွေကို ကြိုးစားဖြတ်တောက်နေတာတွေရှိတယ်။ ဒီလမ်းပိုင်းကတော့ ကိုယ့်ဘက်လည်း ပြင်ဆင် တိုက်ခိုက်တယ်။ သူတို့ဘက်ကလည်း ကားနဲ့လာမရတော့ ဟတ်စကီးနဲ့ သွားတယ်။ အမ်း-ပဒါန်းလမ်းပိုင်းက PDF အဖွဲ့အစည်းတွေလည်း ရှိတယ်၊ တချို့နေရာတွေမှာ စကစဘက်ကလည်း ရှိတယ်။ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ နပခကိုသွားတဲ့ လမ်းကြောင်းဆိုတော့ တော်တော်အရေးပါပါတယ်”လို့ ပြောပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်းက စစ်ကောင်စီကင်းစခန်းတွေနဲ့  စစ်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီက ရခိုင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ လေကြောင်းကိုသာ အဓိကထားပြီး အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

People’s Revolution Alliance-PRA မကွေး တာဝန်ရှိသူတယောက်က “အမ်း-ပဒါန်းလမ်းပိုင်းက ရခိုင်ပြည်ရဲ့ အဓိက ဝင်ပေါက်ထွက်ပေါက်လို့ ပြောလို့ရတယ်။ ရခိုင်ဘက်မှာ စစ်ရေးပြင်းထန်နေတဲ့အချိန်တွေ၊ စစ်ရေးပြင်ဆင်နေတဲ့အချိန်တွေမှာ အမ်း-ပဒါန်းလမ်းပိုင်းကို အသုံးပြုပြီး လူ၊ လက်နက်ခဲယမ်း၊ ရိက္ခာ စတာတွေပို့ခဲ့တဲ့ အဓိကလမ်းကြောင်း ဖြစ်တယ်။ တနည်းအားဖြင့် စစ်ကောင်စီအတွက် အဓိက အသက်သွေးကြောလို့ ပြောလို့ရတယ်။ လက်ရှိအချိန်မှာဆိုရင် စစ်ကောင်စီက ဒီလမ်းကို အပြည့်အဝအသုံးမပြုနိုင်တော့ဘူး၊ စိတ်ချလက်ချမသုံးရဲတော့ဘူး။ နပခ မကျစေရေးအတွက်ဆိုရင် လေကြောင်းကနေ လူသူ လက်နက်ခဲယမ်းပို့ဆောင်တာတွေ လုပ်ဆောင်နေရတယ်” လို့ ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တည်ရှိရာ အမ်းမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AAတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က နပခ မကျစေရေး လေကြောင်းကနေ အင်အားဖြည့်ပြီး ခုခံနေတာပါ။ 

စိုးသူအောင်/ သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024