ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းနေလို့ ရွာသားတွေ အလုပ်မလုပ်ရဲဘဲ အခက်တွေ့နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၉ ရက်ကစတင်ပြီး တော်လှန်းရေးတပ်ဖွဲ့ PDF တွေနဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တချို့ဝင်ရောက်လာတယ်လို့ဆိုကာ စစ်ကောင်စီက ကျုံပျော်မြို့နယ်ထဲက အင်းတယော်၊ သူဌေးကုန်း၊ ညောင်ကုန်းကျေးရွာ စတဲ့ရွာတွေမှာ စစ်ကြာင်းထိုးနေတာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “PDF တွေ ရောက်နေတယ်ဆိုတဲ့ သတင်းနဲ့ စကစတပ်က စစ်ကြောင်းထိုးနေတာလို့ ပြောတာတဲ့။ အင်အားက မနည်းဘူး။ အိမ်ကကလေးတွေနဲ့ အမေကိုတော့ တရွာခဏပို့ထားတယ်။ တိုက်ပွဲတွေဘာတွေ ဖြစ်မလား မသိဘူးလေ။ အလုပ်မလုပ်ရဲလို့ ၉ ရက်နေ့ကတည်းက ရပ်ထားရတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီ တပ်က ခန့်မှန်း အင်အား ၅၀ နဲ့ ၆၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် နေအိမ်တွေမှာရှိတဲ့ အမျိုးသားတိုင်းကို အခုရက်ပိုင်းထဲ ခရီးမသွားဖို့ အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုထားလို့ ဒေသခံတွေအနေနဲ့ အလုပ်တွေပါ ကောင်းကောင်းမလုပ်ရဘူးဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ကျုံပျော်မြို့နယ်က အုပ်ချုပ်ရေးအဖွဲ့ဝင် တယောက်က "ဒေသလုံခြုံရေးအတွက် လိုအပ်တာကြောင့်လုပ်နေတာ လို့သိရတယ်။ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတာပေါ့နော်။ ဒေသခံတွေက တိမ်းရှောင်တယ်ဆိုတာက စိုးရိမ်တာကြောင့် ဖြစ်ပါလိမ့်မယ်”လို့ ပြောပါတယ်။
ကျုံပျော်မြို့နယ်ဟာ စစ်ကောင်စီက အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဇွန် ၅ ရက်က ဇရစ်ရိုးကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူတွေ ပထမဆုံး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူဘက်က ၁၇ ယောက် ကျဆုံးသွားကာ ထောင်နဲ့ချီတဲ့ ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။