ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ဘူးသီးတောင်မြို့တွေမှာ နိုဝင်ဘာ ၁၀ ရက်နေ့ တရက်တည်းမှာပဲ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲဒေသခံ ၂ ယောက် သေဆုံးပြီး ဘူးသီးတောင်းမြို့က ရဟန်းတပါး အပါအဝင် ဒေသခံ ၅ ယောက် ဒဏ်ရာရရှိသွားပါတယ်။
နိုဝင်ဘာ ၁၀ ရက် မနက် ၃ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံတွဲဒေသခံ အမျိုးသမီး ၂ ယောက် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသူတွေဟာ အသက် ၃၄ နှစ်အရွယ် မစုစုလှိုင်နဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့ အမျိုးသမီးတယောက်လည်း ပါဝင်ပါတယ်။
အံတော် တံတားထိပ်နားက ဆိုင်မှာကျတာ အဲဒီမှာ အမျိုးသမီးတယောက်နဲ့ အဲဒီဆိုင်ရှေ့နားမှာ အိပ်ပျော်နေတဲ့ စိတ်မနှံ့တဲ့ အမျိုးသမီးတယောက်က ပွဲချင်းပြီးဆုံးသွားတာ အပျက်အစီးတွေလည်း များတယ်လို့ သံတွဲဒေသခံက ပြောပါတယ်။
အဲဒီနေ့မှာပဲ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘူးသီးတောင်မြို့ အမှတ် ၅ ရပ်ကွက်က မြစိမ်းရောင်ဘုန်းကြီးကျောင်းနဲ့ အမှတ် ၂ ရပ်ကွက်က လမ်းမကျောင်းတိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲခံရမှုကြောင့် သက်တော် ၆၂ နှစ်ရှိတဲ့ မြစိမ်းရောင်ကျောင်းက အရှင်ဦးဇဝန၊ ဦးဖော်တီ (အသက် ၄၅ နှစ်)၊ သားဖြစ်သူ မောင်မိုးခန့် (အသက် ၁၁နှစ်)နဲ့ လမ်းမကျောင်းတိုက်က ကိုအောင်သူ (အသက် ၃၁ နှစ်) နဲ့ ဒေါ်ချစ်စုမ (အသက် ၄၂ နှစ်) တို့ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အရေးပေါ်ဆေးကုသမှုခံယူနေကြရပြီး ပြင်းထန်ဒဏ်ရာရရှိသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်းနဲ့ ဆေးရုံ၊ ဆေးခန်းတွေကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။