Home
မြန်မာသတင်း
စစ်တပ် လက်နက်ကြီးကြောင့် ကလေးမြို့ရှိ နေအိမ်အချို့ ပျက်စီး၊ ပုလဲမြို့တိုက်ပွဲကို စစ်တပ်က လေကြောင်းပစ်ကူပေး
DVB
·
November 11, 2024
Photo: Salai/လက်နက်ကြီးကျရောက်ခဲ့သည့် အိမ်များ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ထဲကို နိုဝင်ဘာ  ၉ ရက်နဲ့ ၁၀ ရက်က   စစ်ကောင်စီ အမြောက်တပ်ကနေ  ပစ်ခတ်တဲ့ လက်နက်ကြီး‌အပိုင်းအစတွေ ကျရောက်တာကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တယောက်က “သူတို့ပစ်တာက ဖလမ်းကို လှမ်းပစ်တာဗျ။ မြို့ထဲအမြောက်တပ်ကနေ missile လို့ခေါ်တဲ့ ဒုံးရော့ကတ်အတွဲလိုက်ပစ်တဲ့ လက်နက်ကြီးတွေနဲ့ ပစ်တာ။ အဲဒီမှာ လက်နက်ကြီး သွားရာလမ်းကြောင်းနေရာတွေမှာ အပိုင်းအစတွေ ကျပေါက်တာ။ နေအိမ် ၂ လုံးပျက်စီးတယ်” လို့ပြောပါတယ်။

အမြောက်တပ်က နိုဝင်ဘာ ၉ ရက်က တကြိမ်၊ ၁၀ ရက်နေ့က ၅ ကြိမ်  ဖလမ်းတိုက်ပွဲဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့ပြီး နိုဝင်ဘာ ၁၁ ရက် ဒီမနက်မှာ ပစ်ခတ်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ချင်းတောင်ကို ပစ်ခတ်‌နေတာကြောင့် လက်နက်ကြီးသွားရာ လမ်းကြောင်းဖြစ်တဲ့ မြို့ပေါ်က စံပြ၊ တပ်ဦးသီတာ၊ တောင်ဇလပ်၊ မွန်ထာရပ်ကွက်‌တွေနဲ့ ရှားတောရွာ၊ စီးစံရွာကပြည်သူတွေအနေနဲ့ လက်နက်ကြီးပစ်ခတ်ချိန် အမှုမဲ့အမှတ်မဲ့ မနေကြဘဲ အကာအကွယ်ရှိတဲ့နေရာမှာနေကြဖို့ တော်လှန်ရေးအသိုင်းအဝန်းကမှာ ကြားထားပါတယ်။

ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ အောက်တိုဘာ ၂၅ ရက်ကစပြီး ဖလမ်းမြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ဟာ ကားလမ်းအတိုင်းဆိုရင် ၅၆ မိုင်ကွာဝေးပြီး  ကောင်းကင်မိုင်နဲ့ဆိုရင် မိုင် ၂၀ ဝန်းကျင်ရှိပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့မှာလည်း နိုဝင်ဘာ ၁၁ မနက် ၃ နာရီလောက်က  စတင်ပြီးစစ်ကောင်စီတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းကနေ လေယာဉ်နဲ့ ပစ်ကူပေးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပုလဲမြို့ခံတယောက်က “တိုက်ပွဲက မနက်အစောကြီးကတည်းက ဖြစ်နေတာရှင့်။ ကျမတို့ မိသားစုတွေကတော့ လုံခြုံတဲ့နေရာမှာ ဝပ်နေကြရတယ်။ လေယာဉ်ကလည်း တစီးပြီးတစီး လာကြဲချတယ်။ အိမ်တွေပါတုန်ခါနေတာပဲ။ အိမ်အပြင်ကို မထွက်ရဲသေးဘူးဆိုတော့ အပြင်မှာဘာတွေ ဖြစ်ပျက်ပြီး ဘာတွေ သေဆုံးနေတယ်ဆိုတာတော့မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မနက် ၈ နာရီနဲ့ ၈နာရီ ကျော်မှာ ၂ ကြိမ်၊ ၁၀နာရီမှာ တကြိမ်၊ ၁၀နာရီကျော်မှာ တကြိမ်နဲ့ ၁၂ နာရီ ကျော်မှာ တကြိမ် စုစုပေါင်း ၅ ကြိမ် လေကြောင်းက ဗုံးကြဲခဲ့ပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကတော့ ပုလဲမြို့က စစ်ကောင်စီအထိုင်စခန်းကို ဗိုလ်နဂါးဦးဆောင်တဲ့ BNRAအဖွဲ့က ဦးဆောင်ပြီး နိုဝင်ဘာ ၁၁ ရက်  မနက် ၄ နာရီက ဝင်ရောက်တိုက်ခိုက်လို့ လေယာဉ်နဲ့  ၅ ကြိမ် ပစ်ကူနေရတယ်လို့လည်း ဖော်ပြထားပါတယ်။

ပုလဲဒေသခံပအဖအဖွဲ့ဝင်တယောက်က “စစ်တပ်က လေယာဉ်နဲ့ ပုလဲမြို့ မြိုအတွင်း၊ မြို့အပြင်နဲ့ မြို့အနီးပတ်ဝန်းကျင်တွေကို လေယာဉ်နဲ့ ဗုံးကြဲနေပါတယ်။ ကျနော်တို့ ကနဦးစုံစမ်းရတာက တော့ ပုလဲမြို့ထဲကပြည်သူ ၂ ယောက် သေဆုံးထားတယ်။ သေဆုံးသူအမည်က ဦးကျော်ဆန်း လျှပ်စစ်ဝန်ထမ်းဟောင်းနဲ့ ထွေအုပ်က ကိုဇင်မောင်သား ၁၅ နှစ်အရွယ်ကလေးတယောက် သေထားတယ်လို့ သိထားရတယ်။ ပုလဲအနီးက ကံကြီးရွာထဲလည်း လေယာဉ်ပေါ်က ချတဲ့ဗုံးလည်း ပြည်သူနေအိမ်ပေါ် ကျရောက် ပေါက်ကွဲတယ်လို့ ကနဦး သိထားရတယ်”လို့ ပြောပါတယ်။

ပုလဲ‌ အခြေစိုက် ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် တယောက်က “ဒီတိုက်ပွဲက ဂါးကြီး(နဂါး) တို့ ဦးဆောင်ပြီး မောင်‌ဆောင်းခတို့ ရဲဘော်တွေရောပါတယ်လို့ သိထားရတယ်။ ကိုယ်ဘက်က ရဲဘော် ၁ ဦးကျထားပြီး ၂ ဦး ဒဏ်ရာပြင်းထန်ရထားတယ်လို့လည်း သိထားရတယ်” လို့ ပြောပါတယ်။

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်က ပုလဲမြို့ပေါ်နဲ့ အင်မထီးပျူရွာ၊ ဇီးဖြူကုန်းရွာနဲ့ ကန့်ဒေါင့်ရွာတွေကိုသာ ထိန်းချုပ် စိုးမိုးထားနိုင်ပြီး ကျန်ကျေးရွာကိုတော့  ပြည်သူ့ကာကွယ်ရေးတပ်တွေက  ထိန်းချုပ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013