စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကျီကုန်းရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က အရာရှိတယောက်နဲ့ တပ်သားတယောက် သေဆုံးပြီး တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက DVB ကို ပြောပါတယ်။
ကလေး-ကလေးဝကားလမ်းမပေါ် ကျီကုန်းရွာ ကျောက်တောင်ကွေ့အနီးမှာ နိုဝင်ဘာ ၈ ရက် ညနေပိုင်းက ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့က ကလေးမြို့ထဲက ထွက်လာတဲ့ စစ်ကောင်စီစစ်ကားကို စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာ ကလေးဒေသကွပ်ကဲမှု စစ်ဌာနချုပ်က အရာရှိ အောင်မြင့်ဝင်းနဲ့ တပ်သားတယောက် ကျဆုံးခဲ့ပြီး စစ်သားတွေ ဒဏ်ရာအများအပြားရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတယောက်က “ကျနော်တို့နဲ့ ညီအစ်ကိုလိုနေတဲ့ အရာရှိ ကိုအောင်မြင့်ဝင်း ကျတယ်။ ရဲဘော်တယောက်လည်း ကျတယ်။ နောက်တပ်သားတယောက် ပေါင်ပြတ်သွားတာ။ ဒဏ်ရာရတာတွေလည်း များတယ်” လို့ ပြောပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအပြီးမှာ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ကျီကုန်းရွာကို စစ်ကောင်စီက ညမထွက်ရ အမိန့်ထုတ်ခဲ့တယ်လို့ ကျီကုန်းရွာခံတွေက ပြောပါတယ်။
ကျီကုန်းရွာကဒေသခံတယောက်က “အဲဒီနေ့က PDF တွေက လမ်းဘေးလမ်းပြင်နေတဲ့ ကျောက်ပုံတွေမှာ မိုင်းတွေထောင်ထားခဲ့တာ ကြားတယ်။ မိုင်းပေါက်သံတွေပြီးရင် မြစ်ဟိုဘက်ကမ်းနဲ့ ဒီဘက်လမ်းပေါ်ကနေ စစ်တပ်နဲ့ PDF ပစ်ခတ်ကြသေးတယ်။ ရွာအရှေ့နားဖြစ်တာဆိုတော့ ဆူညံလို့ပဲ။ အဲဒါပြီးရင် ညရောက်တော့ ညမထွက်ဖို့ ရွာလူကြီးက မိုက်နဲ့ အော်ပြီး အသိပေးတယ်” လို့ ပြောပါတယ်။
အဲဒီမိုင်းဆွဲတိုက်ခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဘက်ကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့သလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
လတ်တလောမှာတော့ စစ်ကောင်စီတပ်က ကလေးမြို့ပေါ်ကနေ ကျေးရွာတွေဘက်နဲ့ ချင်းတောင်ဘက်ကို ၂ ရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။